ကြေငြာချက်အတု ထုတ်ပြန်ခဲ့သူကို ရဲက ဖမ်းဆီး

  • 14 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် NLD
Image caption အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်

NLD ပါတီ တံဆိပ်တုံး သုံးပြီး ပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်ကို ပါတီက အနား ပေးလိုက်ပြီဆိုတဲ့ ကြေငြာချက်အတု ထုတ်ပြန်ခဲ့သူကို ရဲက ဖမ်းဆီးလိုက်ပါပြီ။

မုံရွာမြို့ NLD ပါတီဝင် တစ်ဦးဖြစ်တဲ့ ကိုအောင်မြင့်ထွန်း ခေါ် ကိုဖိုးထောင်ကို စုံစမ်း စစ်ဆေးဖို့ မုံရွာ ကနေ နေပြည်တော်ကို ခေါ်ဆောင်သွားပြီလို့ ရဲမှူးချုပ် အောင်နိုင်သူက ပြောပါတယ်။

ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၄ ရက်နေ့က NLD ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် အနေနဲ့ ကျန်းမာရေး အခြေအနေ အရ ပါတီက အနားယူ ခွင့်ပြုဖို့ စာတစ်စောင်ကို ပါတီ တံဆိပ်တုံး အသုံးပြုပြီး လူမူကွန်ရက်တွေမှာ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒီလို မဟုတ်မမှန်ဖြန့်ဝေတာနဲ့ ပတ်သက်လို့ ဖြန်ဝေတဲ့ သူကို ဖော်ထုတ် ဖမ်းဆီးပေးဖို့ ဦးဝင်းထိန် အနေနဲ့ ပြည်ထဲရေး ဝန်ကြီး ဌာနကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကြေညာချက်ထဲမှာ ပါတဲ့ အချက်အလက် အချို့ဟာ NLD ပါတီက လူကြီးတချို့နဲ့ အစည်းအဝေး မှတ်တမ်းကို ဖတ်နိုင်သူ တချို့သာ သိနိုင်တဲ့အတွက် ဒီဖြစ်စဉ်ရဲ့ နောက်မှာ လူတချို့ ရှိနိုင်တယ်လို့ ဦးဝင်းထိန်က သံသယရှိကြောင်း ဘီဘီစီကို ပြောပါတယ်။

အဲဒီအတွက်လဲ စာဖြန့်ဝေသူအပြင် နောက်ကွယ်က လူတွေကိုပါ ပေါ်အောင် ဖော်ထုတ်ပေးဖို့ ဦးဝင်းထိန်က ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ပြောဆိုထားတယ်လို့ ဆိုပါတယ်။

အခု လောလောဆယ်တော့ မုံရွာမြို့NLD ပါတီဝင် ကိုအောင်မြင်ထွန်းကို ဆက်သွယ်ရေးပုဒ်မနဲ့ ဖမ်းဆီး လိုက်ပြီး မုံရွာကနေ နေပြည်တော်ကို ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ