ငြိမ်းချမ်းရေး ရဖို့ အချင်းချင်း အာဃာတ အမုန်းတရား ပွားမယ့် ကိစ္စတွေကို ရှောင်ကြဖို့ လို

  • 15 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် MOI
Image caption NCA စာချုပ် တနှစ်ပြည့် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြော

တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် NCA ချုပ်ဆိုခဲ့တာ တနှစ်ပြည့် အခမ်းအနားကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပြီး အဲဒီ အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့လည်း တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်သူတွေ အနေနဲ့ ဒေါသ ၊ အာဃာတတွေ ငြိမ်းအောင် လုပ်နိုင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရနိုင်မယ် ၊ အဖွဲ့အစည်းအားလုံး အနေနဲ့ ဒါတွေကို ဆင်ခြင်သင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ချပြခဲ့ပြီး ရခိုင်ပြည်နယ်က ပဋိပက္ခ မီးတောက်တွေ ငြိမ်းဖို့ အပြင်မီး ငြိမ်းသက်ရတာ လွယ်နိုင်ပေမယ့် အတွင်းမီး ငြိမ်းနိုင်ဖို့က ခက်ခဲကြောင်း ၊ ဒါကို အားလုံးက တဦးချင်းစီ တာဝန်ယူ လုပ်စေချင်တယ် ၊ အချင်းချင်း အာဃာတ အမုန်းတရား ပွားမယ့် ကိစ္စတွေကို ရှောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

အခမ်းအနားမှာ အဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ မိန့်ခွန်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC ဒု ဥက္ကဌ ဦးသုဝေက ရှင်းပြရာမှာ သက်ဆိုင်သူတွေ အနေနဲ့ တိုက်တာ ခိုက်တာကို မပြိုင်ဘဲ ငြိမ်းချမ်းရေး ရအောင် လုပ်နိုင်ဖို့ ပြိုင်စေချင်တဲ့ သဘော ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာလို့ သူက သုံးသပ်ပါတယ်။

အစိုးရ ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ သဘောထား ကြီးကြီး ထားပြီး စိတ်ရှည်စွာ ပြည်သူ့ အကျိုးကို မျှော်ကာ နားလည်မှု အပြည့်အ၀နဲ့ လုပ်ကိုင်ရင် အောင်မြင်နိုင်မယ်လို့ သူက ပြောပါတယ်။

NCA မှာ အားလုံးပါ၀င်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းနေပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းမှာတော့ NCA လက်မှတ် မထိုးဘဲ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ သွားဖို့ ကြိုးစားတာ မဖြစ်သင့်ဘူးလို့ ပြောတဲ့ အပေါ် ဦးသုဝေက သုံးသပ်ရာမှာ သက်ဆိုင်ရာ အဖွဲ့တွေ အနေနဲ့ အပစ် ရပ်စဲလိုတဲ့ ဆန္ဒပြသဖို့ လက်နက်စွန့်မယ် ဆိုတာကို ထုတ်ဖော်ပြသဖို့ လိုတယ် ၊ အဲလိုသာ မဟုတ်ရင် လက်မှတ်မထိုးလဲ ရတာဘဲ ဆိုတဲ့ သဘောမျိုး သက်ရောက်သွားနိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာသွားနိုင်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။