ထိုင်း ဘုရင်သစ် ဝချီရာ လောင်ကွန်း အကြောင်း တစေ့တစောင်း

  • 1 ဒီဇင်ဘာ 2016
Image caption ဒဿမမြောက် ရာမ ဘုရင် ဘွဲ့ နဲ့ နန်း တက် လာပြီ

အိမ်နီးချင်း ထိုင်း နိုင်ငံမှာ ဘုရင်သစ် မဟာ ဝချီရာ လောင်ကွန်း ထီးနန်း အရိုက်အရာ ကို ဆက်ခံ ပြီး ဒဿမမြောက် ရာမ ဘုရင် ဘွဲ့ နဲ့ နန်း တက် လာပြီ ဖြစ်ပါတယ်။

နတ်ရွာစံ ဘုရင်ကြီး ဘူမိဘော နဲ့ မိဘုရားကြီး သီရိခေတ် တို့ရဲ့ တစ်ဦးတည်းသော သား တော် ဖြစ်တဲ့ ထိုင်း ဘုရင် သစ် ဝချီရာ လောင်ကွန်းကို ၁၉၅၂၊ ဂျူလိုင် ၂၈ ရက် နေ့မှာ ဖွားမြင် ခဲ့ပါ တယ်။

ထိုင်း နိုင်ငံရေး အခြေအနေဟာ ဘုရင် နန်းဆက် တည်မြဲ ပါ့မလား ဆိုပြီး ရှေ့ရေး အတွက် မရေမရာ ရှိ နေတဲ့ အချိန်မှာ နန်းလျာ ဖြစ်နိုင်ဖို့ အရေးကြီးတဲ့ သားယောက်ျားလေး ဖွားမြင် ခဲ့တာပါ။

သူဟာ ခမည်းတော် ဘုရင်ကြီး ဘူမိဘော လို မမျှော်လင့်ပဲ ဘုရင် ဖြစ် လာရတာ မဟုတ်ပဲ၊ တစ်နေ့မှာ ဘုရင် ကျိမ်းသေ ဖြစ်မယ့် နန်းလျာ တစ်ပါး အနေနဲ့ အသေအချာ ပြုစု ပျိုးထောင် ခံခဲ့ ရသူ ဖြစ်ပါတယ်။

ဘုရင် ဝပ်ချီရာ လောင်ကွန်း ဟာ ငယ်နု စဉ် အရွယ်က ဘန်ကောက် နန်းတော် ထဲမှာ ပညာ ဆည်းပူး ခဲ့ပြီး၊ ၁၃ နှစ် အရွယ် မှာတော့ ယူကေ နိုင်ငံက ပုဂ္ဂလိက ကျောင်း နှစ်ကျောင်း မှာ ၅ နှစ်တာ ပညာ သင်ခဲ့ပါတယ်။

အဲဒီ့ နောက်မှာတော့ ဩစတြေးလျ နိုင်ငံ ဆစ်ဒနီ မြို့မှာ အထက်တန်း ကျောင်း နောက်ဆုံးနှစ် တက်ခဲ့ပြီး၊ နောက် ၄ နှစ် ကတော့ ကဲန်ဘရာ မြို့က Duntroon ဆိုတဲ့ တော်ဝင် စစ်ကောလိပ် မှာ တက်ခဲ့ပါတယ်။

ငယ်ငယ်က နန်းတွင်းမှာ အလိုလိုက် ခံခဲ့ရလို့ ကျောင်းတွေမှာ သူများနဲ့ အမှီ လိုက်နိုင်ဖို့ရာ အတော် ကြိုးစား ခဲ့ရတယ်လို့ ဘုရင် ဝပ်ချီရာ လောင်ကွန်းက ပြောဖူး ပါတယ်။

ဘုရင်ကြီး ဘူမိဘော အာရုံစိုက် ခဲ့တဲ့ ကျေးလက် ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ စိတ်ဝင်စားမှု သိပ်မပြ ခဲ့ပဲ၊ အနောက်အုပ်စုနဲ့ အရှေ့အုပ်စု နိုင်ငံတွေ ရဲ့ စစ်အေးခေတ် တိုက်ပွဲကို အရှေ့တောင် အာရှ နိုင်ငံ တွေထဲ ထိပ်ဆုံး ပိုင်းက ရင် ဆိုင် နေရတဲ့ အဲဒီ့ အချိန်က ထိုင်း နိုင်ငံ မှာ နန်းလျာ ဘုရင့်သားတော် ဝပ်ချီရာ လောင်ကွန်း ဟာ စစ်ရေး ဘက်မှာသာ အာရုံ စိုက် တာ တွေ့ခဲ့ရပါတယ်။

ဘုရင် ဝပ်ချီရာ လောင်ကွန်းဟာ ထိုင်း၊ ယူကေ၊ အမေရိကန် နဲ့ ဩစတြေးလျ နိုင်ငံတွေမှာ အဆင့်မြင့် စစ် သင်တန်း တွေ တက်ရောက်ပြီး နောက်မှာတော့ ထိုင်း စစ်တပ်မှာ အရာရှိ တစ်ယောက် ဖြစ်လာပါတယ်။

ထိုင်း ဘုရင်သစ် ဟာ အရပ်ဘက် သုံး လေယာဉ် ကို မောင်းနှင် နိုင်တဲ့ လေယာဉ်မှုး တစ်ယောက် သာ မကပဲ၊ တိုက်လေယာဉ် မောင်း နိုင်တဲ့ အထိ အရည်အချင်း ပြည့်မှီ သူ ဖြစ်ပြီး နိုင်ငံရပ်ခြား ခရီး သွားပြီဆို ကိုယ်ပိုင် ဘိုးရင်း 737 လေယာဉ်ကို ကိုယ်တိုင် မောင်းနှင် ပျံသန်း သွားလာ တတ်သူ ပါ။

၁၉၇၂ မှာ ခမည်းတော် ဘုရင်ကြီးက ဘုရင် ဝပ်ချီရာ လောင်ကွန်းကို အိမ်ရှေ့စံ အဖြစ် တရားဝင် အပ်နှင်း ပါတယ်။

၁၉၇၇ မှာ ညီမဝမ်းကွဲ နဲ့ လက်ဆက် ခဲ့ပြီး သမီးတော် တစ်ယောက် ပွားစီး ခဲ့ပေမယ့်၊ အိမ်ထောင်ရေး မခိုင်မြဲ ခဲ့ပါဘူး။

မိဖုရား အရာ မမြှောက်တဲ့ ဒုတိယ တစ်ယောက် နဲ့ သားသမီး ငါးယောက် ရှိခဲ့ပါတယ်။ သား တစ်ယောက် ဖွားမြင်ခဲ့တဲ့ တတိယ ကြင်ရာတော် နဲ့လည်း ကွဲကွာ ခဲ့ပြီး၊ လွန်ခဲ့တဲ့ နှစ်နှစ် ကတော့ အဲဒီ့ ကြင်ရာ တော် ဟောင်း ဟာ တော်ဝင် ဘွဲ့ အမည် ရုတ်သိမ်း ခံခဲ့ရသလို၊ အဲဒီ့ ကြင်ရာတော် ရဲ့ မိသားစု ဝင် ၉ ယောက် အဖမ်း ခံခဲ့ရပါတယ်။

အခု စတုတ္တမြောက် လက်တွဲဖော်နဲ့ နေထိုင် နေတဲ့ ဘုရင် ဝပ်ချီရာ လောင်ကွန်း ရဲ့ ဘဝ နေမှု ထိုင်မှု ပုံစံ တွေဟာ သူ့ ဘဝ တလျှောက် အမြဲပဲ အရိပ်ထိုး နေခဲ့ပါတယ်။

ဘုရင်သစ် ဝပ်ချီရာ လောင်ကွန်း ဟာ ထိုင်း ပြည်သူ တွေရဲ့ အသည်း နှလုံးကို လွှမ်းမိုး နိုင်ဖို့ ဆိုရင် ကွယ်လွန်သူ ခမည်းတော် ရဲ့ ပုံရိပကို ဆက်လက် အားပြု ရဦးမယ်လို့ သုံးသပ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ