မြောက်ပိုင်းမဟာမိတ်တွေကို အကြမ်းဖက်လို့ သတ်မှတ်တာ ဝ ကန့်ကွက်

  • 14 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့သတ်မှတ်ခံရတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ကေအိုင်အေတပ်ဖွဲ့

ရှမ်းပြည်နယ် လွှတ်တော်ကနေ KIA, TNLA, MNDAA နဲ့ AA တို့ကို အကြမ်းဖက် အဖွဲ့အစည်းတွေ အဖြစ် သတ်မှတ်ခဲ့တဲ့ အပေါ် ၀ပြည်နယ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဝ ပြည်နယ် သွေးစည်းညွတ်ရေးပါတီ ဗဟိုကော်မီတီ၊ အထူးဒေသ ၂ ဝ ပြည်နယ် အုပ်ချုပ်ရေးကော်မီတီ၊ ဝ တပ်မတော် ဗဟိုချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေက အဲဒီ အဖွဲ့တွေကို အကြမ်းဖက်လို့ သတ်မှတ်ဖို့ တင်ပြဆွေးနွေးခဲ့ပေမယ့် ပြည်သူ့လွှတ်တော်က သတ်မှတ်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် ရှမ်းပြည်နယ်လွှတ်တော်က အခုလို သတ်မှတ်ခဲ့တာဟာ ရှမ်းပြည်နယ်ကို ပိုပြိုကွဲစေပြီး ပြည်ထောင်စုအစိုးရရဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လွန်စွာထိပါးစေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

UWSA ဝတပ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနက် အင်အားအတောင့်တင်းဆုံး တပ်ဖွဲ့ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်တွေနဲ့ အစဉ်အလာအားဖြင့် နီးနီးစပ်စပ် ဆက်ဆံမှုရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီလို အကြမ်းဖက်အဖွဲ့တွေအဖြစ်သတ်မှတ်ခဲ့တာဟာ တပ်မတော်က သူ့အမြင်ကို သူ့ကို ထောက်ခံသူအင်အားစုတွေ တောင့်တင်းတဲ့ ထောက်ခံနိုင်တဲ့အနေအထားမှာ လုပ်ခဲ့တာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဝတပ်ဖွဲ့က ဒီအဖွဲ့တွေကို စစ်ရေးအရ ကူညီပံ့ပိုးပေးနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေတာကြောင့် ဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တာဟာ ဝ အဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သဘောထားတယ်ဆိုတာကို တနည်းအားဖြင့် ပုံဖေါ်ပေးလိုက်တာလို့ ဆိုပါတယ်။

အလားတူ ဝတို့ မိုင်းလားတို့ကိုလည်း အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ် လာနိုင်မလား ဆိုပြီး ဝတပ်ဖွဲ့အနေနဲ့ စိုးရိမ်နိုင်တယ်လို့ ဆိုပါတယ်။

ဝ နဲ့တရုတ်တို့ရဲ့ စီစဉ်မှုနဲ့ ကူမင်းမှာလုပ်ခဲ့တဲ့ မြန်မာအစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဆွေးနွေးပွဲ ပျက်သွားခဲ့ပြီးနောက်ပိုင်း တပ်မတော်အနေနဲ့ ရန်သူလို့ သဘောထားပြီး အမြစ်ပြတ်ချေမှုံးမယ်ဆိုတဲ့ သဘောဆောင်လာတယ်၊ ဒါကို ဝဘက်က လက်မခံနိုင်ကြောင်း အပြင်းထန်ဆုံး သတိပေးလိုက်တာလို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

အခုအချိန်မှာ ဝ တို့ဘက်မှ ဘာမှ လုပ်ဆောင်မှာ မဟုတ်သေးပေမယ့် တပ်မတော်ဘက်က မြောက်ပိုင်းမဟာမိတ်တွေကို အမြစ်ပြတ်ချေမှုန်းရမယ့် အင်အားစုတွေလို့ တကယ်တန်းသဘောထားပြီး စစ်ရေးအရ ဖိနှိပ်မှုတွေ ဆက်လုပ်လာရင် ဝ အနေနဲ့ တမျိုးစဉ်းစားကောင်း စဉ်းစားလာနိုင်တယ်လို့ ဆိုပါတယ်။

ဝ ဘက်က ဒီအဖွဲ့အစည်းတွေ ရပ်တည်ဖို့ နေရာ စစ်လက်နက် စတဲ့ ထောက်ပံ့မှုတွေ လုပ်လာနိုင်သလို တပ်မတော်ဘက် ဖိအားပေးမှုတွေများလာရင် တရုတ်တို့ရဲ့ ပါဝင်ပတ်သက်မှုက ပြောင်းလဲကောင်းပြောင်းလဲလာနိုင်တဲ့အတွက် အန္တရာယ်ကြီးတယ်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။