ထရမ့်ရဲ့ ပြည်ဝင်ခွင့်အမိန့် အတည်ဖြစ်ရင် ကသောင်းကနင်း ဖြစ်လာနိုင်

  • 6 ဖေဖော်ဝါရီ 2017

မူဆလင် နိုင်ငံ ၇ နိုင်ငံက လူတွေကို ပြည်ဝင်ခွင့်ပိတ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်သာ အတည်ဖြစ်သွားမယ်ဆိုရင် ပရမ်းပတာ ကသောင်းကနင်း ကိစ္စတွေ ထပ်ပေါ်လာလိမ့်မယ်လို့ အမေရိကန် ပြည်နယ် နှစ်ခုက ရှေ့နေတွေက ပြောလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကို ထပ်မံ ဆိုင်းငံ့ထားဖို့ ဝါရှင်တန်နဲ့ မန်နီဆိုတာ ပြည်နယ် နှစ်ခုက ဥပဒေ အတိုင်ပင်ခံ ရှေ့နေတွေက ဖက်ဒရယ် အယူခံ တရားရုံးကို တိုက်တွန်း လိုက်တာပါ။

အလားတူပဲ အက်ပဲလ်၊ ဖေ့စ်ဘွတ်နဲ့ ဂူဂဲလ် အပါအဝင် အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတွေကလည်း သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကြောင့် သူတို့ရဲ့ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်လို့ ဝိုင်းဝန်း တင်ပြခဲ့ကြပါတယ်။

အမေရိကန်ရဲ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ၅၀၀ ထဲက ထက်ဝက်လောက်ကို ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ ဒါမှမဟုတ် သူတို့ရဲ့ သားသမီး မျိုးဆက်တွေက ထူထောင်ခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် ကုမ္ပဏီကြီးတွေက ပြောကြပါတယ်။

မူဆလင် အဓိက နိုင်ငံ ၇ နိုင်ငံ ဖြစ်တဲ့ အီရတ်၊ ဆီးရီးယား၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင် နိုင်ငံတို့က လူတွေကို ပြည်ဝင်ခွင့် ပိတ်ဖို့ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကို ဖက်ဒရယ် တရားရုံးက သောကြာနေ့က ဆိုင်းငံ့ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင် ရှေ့နေတွေက ဒီကနေ့ တနင်္လာနေ့ နှောင်းပိုင်းမှာ တုံ့ပြန် လျှောက်လဲကြဖို့ ရှိပါတယ်။

အခုလို ပြည်ဝင်ခွင့်ပိတ်တဲ့ အမိန့်ကို ပြန်ဖျက်တဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လမ်းဖွင့်ပေးလိုက် သလိုပဲလို့ သမ္မတ ထရမ့်က အစောပိုင်းက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ