မလေးရှား ထောက်ပံ့ရေးသင်္ဘောရောက်ရှိ

  • 9 ဖေဖော်ဝါရီ 2017
Image caption သီလဝါ ဆိပ်ကမ်းရောက် မလေးရှား သင်္ဘော

ရခိုင်ပြည်နယ် မြောက်ပိုင်းက အကူအညီလိုအပ်နေသူတွေ အတွက် မလေးရှားနိုင်ငံက ပေးပို့တဲ့ လူသားချင်း စာနာမှု အကူအညီ ပစ္စည်းတွေ သယ်ဆောင်လာတဲ့ သင်္ဘောကြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့ နေ့လယ်က ရောက်လာရာမှာ မြန်မာ အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ ဝင်းမြအေးနဲ့ တာဝန်ရှိသူတွေ သွားရောက် လက်ခံ ရယူခဲ့ ပါတယ်။

ဆေးဝါးနဲ့ စားစရာ ပစ္စည်းတွေ အဓိက ပါ၀င်တဲ့ အဲဒီ ကူညီရေး ပစ္စည်းတွေကို ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော် အပါအဝင် လိုအပ်နေတဲ့ လူတွေဆီ ရောက်အောင် ပို့ပေးသွားမှာ ဖြစ်ပြီး အားလုံး မျှမျှတတ ရအောင် စီစဉ်ထားတယ်လို့ လူမှုဝန်ထမ်း ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ပြောပါတယ်။

ဆန်အိတ် တန် ၃၀၀ အပါအဝင် ကွန်တိန်နာ သေတ္တာတွေနဲ့ ထည့်ထားတဲ့ ပစ္စည်းတွေကို ကုန်းလမ်းက တဆင့် ရခိုင်ပြည်နယ်ကို သယ်ယူသွားမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရကို လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မကြားသေးခင်က အင်ဒိုနီးရှား အစိုးရက ပေးပို့ခဲ့တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း အလားတူ အစီအစဉ်မျိုးနဲ့ မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ သင်္ဘောပေါ်က ပစ္စည်းတွေကို လွှဲပြောင်းပေးခဲ့သူ မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို ကျေးဇူးတင်ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း စည်းလုံးချစ်ကြည်မှုကို ပိုဖြစ်ထွန်းစေတယ်လို့ ပြောသွားခဲ့တယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

ဒီသင်္ဘောကို မစေလွှတ်ခင်ကတော့ မလေးရှား ဝန်ကြီးချုပ်က ရိုဟင်ဂျာတွေအတွက် အကူအညီတွေပေးရမယ်။ ရိုဟင်ဂျာတွေအပေါ်ဖိနှိပ်မှုတွေကို မြန်မာအစိုးရက မတားဆီးပေးဘူးဆိုပြီး လူထုစုဝေးပွဲမှာ ဝေဖန်ခဲ့လို့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ်ရှိခဲ့ပြီး မြန်မာဖက်ကလည်း မလေးရှားသင်္ဘောကို လက်ခံဖို့ ငြင်းခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

အခု ထောက်ပံ့ရေးပစ္စည်းတွေကိုတော့ ဘယ်လို ဝေပေးရမယ်ဆိုတာမျိုး မလေးရှားဖက်က တောင်းဆိုတာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

န္ဒပြသူတွေ ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသားရေး အင်အားစုတွေက ဦးဆောင်ဆန္ဒပြ

မလေးရှားသင်္ဘော သီလဝါဆိပ်ကမ်းကို ရောက်ရှိလာချိန်မှာပဲ ဆိပ်ကမ်းအဝင်ဝမှာ သံဃာတော်များနဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကလည်း ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ပါတယ်။

ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့က ဦးဝင်းကိုကိုလတ်က သူတို့အနေနဲ့ မလေးရှားက လူသားချင်းစာနာတဲ့ အကူအညီပေးတာကို ကန့်ကွက်တာ မဟုတ်ပဲ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးအမည်ကို သုံးနေတာကို ကန့်ကွက်တာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် ရိုဟင်ဂျာမရှိဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။

မလေးရှားသင်္ဘောဟာ မြန်မာနိုင်ငံမှာ ထောက်ပံ့ရေး ပစ္စည်း တချို့ကိုချထားပေးခဲ့ပြီးရင် ဘင်္ဂလားဒေ့ရှ်ကို ဆက်သွားပြီး အဲဒီကို ရောက်နေတဲ့ ရိုဟင်ဂျာတွေကို အကူအညီပစ္စည်းတွေ ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ