လွှတ်တော် ကိုယ်စားလှယ်တွေကို နောက်ယောင်ခံ စောင့်ကြည့်မှုတွေ ရှိနေ

  • 11 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Hluttaw
Image caption လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုနဲ့ လုံခြုံမှုအပေါ် ထိပါးတဲ့ လုပ်ရပ်တွေ ရှိနေတယ်လို့ဆို

လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန် ထမ်းဆောင်နေချိန်မှာ ကိုယ်စားလှယ်တွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေလောက်အောင် နောက်ယောင်ခံ စုံစမ်း စောင့်ကြည့်တာမျိုးတွေ ရှိနေတယ် ဆိုပြီး အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက သောကြာနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် မဖြစ်ခင် အရင် စစ်အစိုးရ လက်ထက်တုန်းက အဲဒီလို နောက်ယောင်ခံ စောင့်ကြည့် စုံစမ်းတာမျိုး ရှိခဲ့ပေမယ့် ခုချိန်ထိ ရှိနေတာဟာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ အရ ဒီလိုမျိုး လုပ်ခွင့်မရှိတဲ့အတွက် အခုလို လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ရတာလို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

လူထု ဟောပြောပွဲမျိုးတွေမှာတင် မက အစည်းအဝေးခန်းတွေထဲ အထိ ဝင်ပြီး စုံစမ်းတာမျိုး၊ တယ်လီဖုန်း ခိုးနားထောင်တာမျိုးတွေအထိ ရှိတယ်လို့ ဆိုပါတယ်။

သူ့တယောက်တည်းတင် မက လွှတ်တော် ကိုယ်စားလှယ် အတော်များများလည်း အဲဒီလို နောက်ယောင်ခံ စောင့်ကြည့်တာမျိုး ခံနေရတယ်လို့ သူက ပြောပါတယ်။

အဲဒီလို နောက်ယောင်ခံ လိုက်လံ စုံစမ်းနေသူတွေဟာ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က ထောက်လှမ်းရေး SB အရာရှိတွေ ဖြစ်ပြီး ဘယ်သူဘယ်ဝါလဲ ဆိုတာ သူ့မှာ အထောက်အထား အတိအကျ ရှိတယ်လို့ ဦးမောင်မောင်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးကတော့ ဒီလို တာဝန်ပေး ခိုင်းစေထားတာမျိုး မရှိကြောင်းနဲ့ သူ့ဆီကို အထောက်အထားနဲ့တကွ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း လွှတ်တော်မှာ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ဒါ့အပြင် နောက်နောင် ဒီလို ဖြစ်ရပ်မျိုး ဖြစ်လာခဲ့ရင် လွှတ်တော် အခွင့်အရေး ကော်မီတီကိုရော၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုပါ တိုင်ကြားနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ