လွှတ်တော်၊ အစိုးရအဖွဲ့ဝင်များရဲ့ စွမ်းရည်၊ တိုင်ကြားမှုနဲ့ စိစစ်မှု

  • 21 ဖေဖော်ဝါရီ 2017
Image caption ပါတီရဲ့ စုံစမ်းစစ်ဆေးမှုခံခဲ့ရပြီး နုတ်ထွက်ခဲ့တဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ ဖြစ်လာခဲ့ပြီးနောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အစိုးရ အဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်တွေ အပေါ် ဝေဖန်မှုတချို့ ရှိနေခဲ့သလို တိုင်ကြားမှုတွေလည်း ရှိနေခဲ့ပါတယ်။

ဒီတိုင်ကြားမှုတွေကို အန်အဲဒီ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနက စိစစ် စုံစမ်းမှုတွေလုပ်ပြီး တိုင်ကြားချက်ပါစွပ်စွဲမှုတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ဘူးဆိုရင် လိုအပ်သလို ပြစ်ဒဏ်ချမှတ်နိုင်ရေး အန်အယ်လ်ဒီပါတီ အထက်အဆင့်ဆင့်ကို တင်ပြရတယ်လို့ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာမျိုးညွန့် ကဘီဘီစီကို ပြောပါတယ်။

ပါတီစည်းကမ်းဖေါက်ဖျက်တာ မတွေ့ရင်တော့ အရေးယူရန်မသင့်ကြောင်း တင်ပြရတယ်လို့ ဆိုပါတယ်။

ပြည်နယ် တိုင်းဒေသကြီး ဝန်ကြီးချုပ်လိုရာထူးတွေကျတော့ ပါတီက အဆင့်မြင့် ပုဂ္ဂိုလ်တွေ ပါတဲ့ သီးခြားကော်မီတီတရပ်ဖွဲ့ စုံစမ်းစစ်ဆေးပြီး ဘယ်လိုအရေးယူသင့်တယ်ဆိုတာ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို တင်ပြရတယ်လို့ ပြောပါတယ်။

လောလောဆယ် ဒီလိုစုံစမ်းစစ်ဆေးခံခဲ့ရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

လောလောဆယ် ဒီလို အဆင့်မြင့်တိုင်ကြားမှုတွေ အရ အရေးယူခဲ့တာ ၁၅ ခုလောက်ရှိတယ်လို့ ဆိုပါတယ်။

တိုင်ကြားမှုစုစုပေါင်းက နှစ်ရာကျော်လောက်ရှိပြီး အများစုက ဆက်ဆံရေးမပြေပြစ်တာ၊ ပြည်ထောင်စုလွှတ်တော်က တမြို့နယ်ကို သိန်းတထောင် ရံပုံငွေချပေးတဲ့ အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို မကျေနပ်တာ၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များနဲ့ ချိတ်ဆက်ဆောင်ရွက်မှုမရှိတာ အဂတိလိုက်စားမှု စတာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

စွမ်းဆောင်ရည်နဲ့ပတ်သက်လို့တော့ ပါတီက ချမှတ်ထားတဲ့ လုပ်ငန်း လမ်းညွှန်တွေရှိပြီး အဲဒီအတိုင်း ဆောင်ရွက်မှုမရှိရင် အရေးယူတယ်လို့ပြောပါတယ်။

အခုအခါ အစိုးရအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကို လေ့လာ စိစစ်သုံးသပ်ဖို့ ဦးဝင်းထိန် ဦးဆောင်ပြီး ဦးဝင်းမြင့် ဒေါက်တာဇော်မြင့်မောင် ဦးကျော်ဟိုး ဒေါက်တာမျိုးညွန့် ဒေါ်လဲ့လဲ့တို့ ပါဝင်တဲ့ သီးသန့်အဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားပြီး မကြာခင် စတင်စိစစ်သွားမယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ