နှစ်ရှည်စီမံကိန်းတွေ ပြန်လည်စီစစ်ဖို့ ဆွေးနွေးမယ်

  • 22 ဖေဖော်ဝါရီ 2017
Image caption ပြည်သူလွှတ်တော်မှာ ရသေ့တောင် အမတ် ဒေါ်ခင်စောဝေ ရဲ့ အမေးကို ကျန်းမာရေး ၀န်ကြီးက ဖြေကြားစဉ်

နိုင်ငံတဝှမ်းမှာရှိတဲ့ ပြည်သူတွေ လက်မခံတဲ့ နှစ်ရှည်စီမံကိန်းတွေနဲ့ ခေတ်အဆက်အဆက် အစိုးရက ခွင့်ပြုထားတဲ့ လုပ်ငန်းတွေကို ပြည်လည် စီစစ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းတဲ့ အဆိုကို ဆွေးနွေးဖို့ ပြည်သူလွှတ်တော်က လက်ခံလိုက်ပါတယ်။

တပ်မတော် အစိုးရ လက်ထက်နဲ့ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်က ခွင့်ပြု ခဲ့တဲ့ နှစ်ရှည်စီမံကိန်းတချို့ကို ဒေသခံတွေက ကန့်ကွက်မှု ရှိတဲ့အတွက် ပြန်လည်စီစစ်ပေးဖို့ အဆိုတင် ရတာ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ် ကုလားမတောင်တန်းမှာ ထုတ်လုပ်နေတဲ့ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အတွက် ဒေသခံတွေ ပညာရှင်တွေ ကန့်ကွက်လျက် ရှိပါတယ်။

ကျောက်ဖြူ အထူးစီးပွါးရေးဇုံ နဲ့ တောင်ကုတ်မြို့က စကျင်ကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွေဟာ ဒေသခံပြည်သူတွေ အကျိုးမရှိတဲ့အတွက် ဒါတွေကို စိစစ်သင့်တယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေ အနေနဲ့ ပြည်သူ လူထု ကန့်ကွက် နေတဲ့ စီမံကိန်းတွေဟာ တကယ်ပဲ ပြည်သူလူထု အတွက် အထောက်အကူဖြစ်ရဲ့လား ၊ တိုင်းပြည် ဖွံဖြိုးရေးအတွက် အထောက်အကူဖြစ်လား ဆိုတာကို ကော်မတီတစ်ခုဖွဲပြီး လေ့လာ ဆန်းစစ်ဖို့ အမတ်တွေက တင်ပြခဲ့ကြပါတယ်။

တိုင်းပြည်အတွက် အကျိုးရှိပြီး ဥပဒေနဲ့ အညီ လုပ်ထားတဲ့ လုပ်ငန်းတွေ ဖြစ်နေတယ်ဆိုရင် ကန့်ကွက် နေတဲ့ ဒေသခံတွေကို သွားရောက် ရှင်းပြဆွေးနွေးသွားမယ်လို့ ဒီအဆိုကို တင်သွင်းခဲ့တဲ့ အဆိုရှင် မိကွန်ချမ်း ကပြောပါတယ်။

အခုလို အစိုးရ အဆက်ဆက်က ခွင့်ပြုထားတဲ့ စီမံကိန်းတွေကို မကြာခင်ကပြဌာန်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမူ ဥပဒေအရ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးမရှိဘူးဆိုရင် ရပ်ဆိုင်းလို့ ရကြောင်း ၊ ခွင့်ပြု ထားတဲ့ စီမံကိန်းတွေကို ပြန်လည် ဖျက်သိမ်းမယ်ဆိုရင်တော့ လျော်ကြေးပေးရမှာ ဖြစ်တယ်လို့ ဥပဒေမှာ ပြန်ဌာန်းထားကြောင်း ရင်းနှီးမြှုပ်နှံမူ ကော်မရှင် ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ဆိုပါတယ်။

အခု တင်သွင်းတဲ့ အဆိုကို မကြာခင် ရက်ပိုင်းအတွင်း ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးမှာဖြစ်ပြီး ဒီ အဆိုကို လွှတ်တော်က အတည်ပြု လိုက်မယ် ဆိုရင်တော့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ပြန်လည် စီစစ်ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ