နိုင်ငံခြားသားတွေပါတဲ့ မူးယစ်ဂိုဏ်း ဖမ်းမိ

  • 24 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေ ပါ၀င်သူများ

တိုင်ဝမ်နဲ့ ဟောင်ကောင် နိုင်ငံသားတွေ အပါအဝင် မူးယစ်ဆေး မှောင်ခိုသူတွေကို ကျပ်သန်းပေါင်းလေးသောင်းကျော် တန်ဖို့းရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ရက်နေ့က ကြေညာခဲ့ပါတယ်။

လေးလကြာ လျှို့ဝှက် စစ်ဆေးပြီးနောက် အချို့ ဖမ်းဆီးထားနိုင်ပြီး လွတ်မြောက်နေသူများလည်း ရှိနေသေးကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ခဲ့ပါတယ်။

ပင်လယ်ရေကြောင်းမှတစ်ဆင့် နိုင်ငံတကာသို့ မူးယစ်ဆေးပို့မည့် မြန်မာနိုင်ငံသား (၁၄ )ဦးနှင့် နိုင်ငံခြားသား(၁၁) ဦးပါ မူးယစ်မှောင်ခိုဂိုဏ်းအား ဖမ်းဆီးစစ်ဆေးနေသည့် သတင်းကို တရားဝင် သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ မှောင်ခိုဂိုဏ်းအဖွဲ့အား ၂၀၁၆ နိုဝင်ဘာလမှ စတင် စုံစမ်းထောက်လှမ်းခဲ့ပြီး သတင်းထိန် ချန်ထားကာ လှို့ဝှက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ့်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိပါတယ်။

အဖွဲ့ဝင် ၂၅ ဦးအနက် တရုတ် (ဟောင်ကောင်) နိုင်ငံသား တစ်ဦး၊ တရုတ် (တိုင်ပေ)နိုင်ငံသားလေး ဦး၊ မြန်မာ နိုင်ငံသား လေးဦး၊ စုစုပေါင်းကိုးဦးကို ဖမ်းဆီးထားပြီး တရုတ်နိုင်ငံသားတစ်ဦး၊ တရုတ်(တိုင် ပေ) နိုင်ငံသားလေးဦး၊ ထိုင်းနိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသား ၁ဝ ဦး၊ စုစုပေါင်း (၁၆) ဦးမှာ ထွက်ပြေး တိမ်းရှောင်နေ၍ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ကာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေ ကြောင်း သိရပါတယ်။

အထက်ပါအမှုတွင် ပထမဆုံးဖမ်းဆီးနိုင်မှုမှာ ရန်ကုန်လေဆိပ်တွင် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်-တရုတ် (တိုင်ပေ) လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါမည့်တရုတ် (တိုင်ပေ)နိုင်ငံသား CAI JENG ZE ဆိုသူကို ကတ်တမင်း ၁၆ဝ ဂရမ်နှင့်အတူ စတင် ဖမ်းဆီး နိုင်ခဲ့ရာမှ အမှုကွင်းဆက်ကို ဆက်လက် ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦး က ပြောပါတယ်။

အမှုကွင်းဆက်အရ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်တွင် အိုက်စ် ၁၁၁ဝ ကီလို ထည့်ထားသော ကွန်တိန်နာတစ်လုံးနှင့်အတူ တရုတ် (ဟောင်ကောင်)နိုင်ငံသား တစ်ဦးနှင့် တရုတ် (တိုင်ပေ)နိုင်ငံသားတစ်ဦးတို့ကို ထပ်မံ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ယင်း မူးယစ်ဆေးဝါးများမှာ ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံဆိပ်ကမ်းမှ တစ်ဆင့် ပင်လယ်ပြင်သို့ ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း စစ်ဆေးနိုင်ခဲ့၍ သင်္ဘောငှားပေးခဲ့သူအမျိုးသားတစ်ဦး၊ အမှုနှင့် ဆက်စပ်နေသော ကုမ္မဏီပိုင်ရှင် တစ်ဦး၊ ပွဲစားအမျိုးသမီးတစ်ဦး၊ မူးယစ်ဆေးဝါး များရရှိရန်နှင့် သယ်ပို့ရန် ကူညီပေးခဲ့သည့် ရှမ်းပြည် နယ် နမ့်စန်မြို့နယ်မှ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မူးယစ်မှောင် ခိုဂိုဏ်းအဖွဲ့က သင်္ဃန်း ကျွန်းမြို့နယ် ဆယ်သိန်းရပ် ကွက်တွင် မူးယစ်ဆေးဝါး သိုလှောင်ရန် အိမ်တစ်လုံး ငှားထားပြီး ယင်းအိမ်မှ တရုတ်(တိုင်ပေ)နိုင်ငံ သားနှစ်ဦးကို မူးယစ်ဆေးအချို့ဖြင့် ထပ်မံဖမ်းဆီး ထားတယ်လို့ ဆိုပါတယ်။

လတ်တလောအခြေအနေအထိ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့မှ ငွေသန်း ပေါင်း ၄၃၃၄၈ ဒသမ ၃၁တန်ဖိုး ရှိ မူးယစ် ဆေးဝါးများ၊ မော်တော်ယာဉ် ၁ဝ စီး၊ ဆိုင်ကယ်တစ်စီး၊ မြန်မာငွေကျပ် ၄ ဒသမ ၈ သိန်း၊ အမေရိကန်ငွေဒေါ်လာ ၉၂၉ဝ၊ တရုတ်ငွေ ၆၇ဝ၄ ယွမ်၊ ဟောင်ကောင် ငွေ ၅ဝဝဝ ဒေါ်လာ၊ ထိုင်ဝမ် ငွေ ၃ဝဝ ဒေါ်လာ၊ ထိုင်းငွေ ၂ဝ၂ဝဘတ်၊ ဖိလစ်ပိုင် ငွေ ၆၅ဝ ပီဆို၊ ရွှေထည်ပစ္စည်း ကိုးမျိုး တို့နှင့် အတူ လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခုဖြစ်စဉ်မှာ နိုင်ငံခြားသားများပါဝင်ပြီး နိုင်ငံတကာဈေးကွက်သို့ ပင်လယ်ပြင်မှ ပို့ဆောင်သည့် မူးယစ်ဆေးဝါး ဂိုဏ်းအကြောင်း ရဲတပ်ဖွဲ့၏ ပထမဆုံး သတင်းထုတ်ပြန်မှု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ