မြန်မာနိုင်ငံ မြောက်ပိုင်းက တိုက်ပွဲတွေ ရပ်ဖို့ တရုတ်တောင်းဆို

  • 8 မတ် 2017
Image caption လောက်ကိုင်မှာ အလုပ်သွား လုပ်သူတွေ ပြန်ပြေး လာနေ။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်ပါ ဆိုပြီး တရုတ်က တောင်းဆို လိုက်ပါတယ်။

အဲဒီ မတည်ငြိမ်မှုတွေကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် အေးချမ်းသာယာမှုကို ထိခိုက် စေတယ်လို့ တရုတ် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ Geng Shaung ဂန်ရွှမ် က ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစား လုပ်ဆောင်တာ မှန်သမျှ တရုတ် နိုင်ငံ အနေနဲ့ ထောက်ခံ အားပေးတယ်လို့လည်း ဆိုပါတယ်။

ဒီအချိန်မှာပဲ၊ တရုတ်-မြန်မာ နယ်စပ်၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နဲ့ ပတ်ဝန်းကျင် ဒေသမှာ ဖြစ်ပေါ် လာခဲ့တဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်ပြည်ထဲ ဝင်ရောက် ထွက်ပြေး ကြရတဲ့ စစ်ဘေး ဒုက္ခသည် ထောင်ဂဏန်း တချို့ ရှိနေပါတယ်။

ဒါ့အပြင် မြေပြန့်ကနေ အဲဒီ ဒေသမှာ အလုပ်သွား လုပ်သူတွေ ပြန်ပြေး လာတဲ့ အရေ အတွက်လည်း တစ်ထောင်ကျော် ရှိသွားပြီလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လားရှိုးကို ရောက်လာ သူတွေကို လားရှိုး မြို့ခံတွေကို အကူအညီ ပေးနေပြီး မန္တလေးကို ဆက်လက် ပို့ဆောင် ပေးနေပါတယ်။

မတ်လ ၈ ရက်၊ ဗုဒ္ဓဟူး ညပိုင်း မှာလည်း အယောက် ၅ဝဝ ဝန်းကျင် လားရှိုးက အောက်မန်ဆူ ဘုန်းကြီးကျောင်းကို ထပ်ရောက် လာပါတယ်။

အဲဒီအသုတ် ထဲမှာတော့ လောက်ကိုင် ဒေသခံတွေပါ ပါလာနေပြီလို့ သိရပါတယ်။