အမုန်းတရားဖြန့်ချိလို့ ဆိုကာ ဦးဝီရသူ တရားဟောခွင့် တနှစ်ပိတ်ပင်ခံရ

  • 11 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အမုန်တရားကြီးထွားစေတာတွေ မပြောအောင် တရားဟောခွင့် တနှစ်ပိတ်ပင်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကနေ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူ ကို တရားဟောခွင့် တစ်နှစ် ပိတ်ပင်လိုက်ပါတယ်။

ဆရာတော်ဦးဝီရသူအနေနဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရားကြီးထွားစေဖို့ လှုံဆော်ဟောပြောမှုတွေနဲ့ နိုင်ငံရေးပါတီတွေအကြား ဘက်လိုက်ဝေဖန်ဟောပြောမှုတွေကို နေရာအနှံ့အပြားမှာ အကြိမ်များစွာ လုပ်နေတဲ့အတွက် တရားဟောခွင့် တစ်နှစ် ပိတ်ပင်လိုက်တာဖြစ်တယ်လို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ပါတယ်။

မတ်လ ၉ ရက်နေ့ မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယက ဦးဆောင်သံဃာတော် (၄၇)ပါး စုံညီ အထူးအစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

သာသနာရေးရာနဲ့ ဝါဏိဇ္စရေးရာ ဌာနခွဲ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က လိုက်နာမှုမရှိဘူးဆိုရင် အရပ်ဖက် ဥပဒေတွေနဲ့အရေးယူသွားမှာ ဖြစ်တဲ့အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဒီလို တရားဟောခွင့် ပိတ်ပင်တာနဲ့ ပတ်သက်လို့ ဆရာတော် ဦးဝီရသူ ရဲ့မှတ်ချက် စကား က ဘယ်လိုလဲဆိုတာကို ဘီဘီစီ က မေးမြန်းချင်တဲ့အတွက် ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟိုရဲ့ ဦးဆောင်သံဃာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာ အရှင်သောပါက က ဦးဝီရသူ ဟာ ဟောပြောခွင့်စည်းမျဉ်းတွေနဲ့ကိုက်ညီသူ ဖြစ်တဲ့အတွက် အခုလိုပိတ်ပင်လို့မရနိုင်ကြောင်းနဲ့ ဦးဝီရသူအနေနဲ့ ဒီကိစ္စကိုအာရုံအနောက်ခံ ပြီးစဉ်းစားလိမ့်မယ့်လို့ သူမထင်တဲ့အကြောင်း မိန့်ကြားပါတယ်။

ဦးဝီရသူရဲ့မိန့်ကြားချက်တွေအပေါ် အငြင်းပွားစရာတွေက အရင်ကတည်းက ရှိနေခဲ့ပြီး အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီ အသတ်ခံရတဲ့အပေါ် ဆရာတော်ဦးဝီရသူကနေ သတ်ဖြတ်ခဲ့သူတွေ နဲ့ ကြံစည်သူတွေကို အားပေးတယ် ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ပေါ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရေးသားဖော်ပြချက် တွေ အပေါ်မှာ လူအများ က ဝေဖန်ခဲ့ကြပါတယ်။

ညီမျှခြင်းမြန်မာအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း က အခုလိုတားဆီးပိတ်ပင်လိုက်တဲ့အတွက် အမုန်းတရား မပြန့်ပွားရေး အတွက်ကြိုးစားကြသူတွေ အဖို့ အားဖြစ်စရာ ဖြစ်စေတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ