နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ အစိုးရ တွေ့ဆုံ

  • 18 မတ် 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption စိုက်ပျိုးရေးကဏ္ဍမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လာမယ် လို့ အစိုးရ က မျှော်လင့်ထား

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ အပါအဝင် ကော်မရှင် က ပုဂ္ဂိုလ်တွေ ဟာ မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီ က တာဝန်ရှိသူတွေ နဲ့ စနေနေ့က ရန်ကုန်မှာ ၂ နာရီ ကြာတွေ့ဆုံ ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဘက် က ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ် မှာ ပြုလုပ် ပေးထားတဲ့ အပြောင်းအလဲတွေနဲ့ လုပ်ထုံးလုပ်နည်းအပြောင်းအလဲတွေ ကို ပြောကြားခဲ့တဲ့ အကြောင်းတွေဆုံပွဲကို တက်ရောက် သူ တယောက် ဖြစ်တဲ့ MIC ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေ သစ်ကို ပြီးခဲ့တဲ့အောက်တိုဘာလတွင်း က ပြဌာန်းနိုင်ခဲ့ပြီး နည်းဥပဒေတွေ ကို မတ်လအပြီးလောက် အဆုံးသတ်နိုင်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

ယခင်က ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုချက်ရမှသာ ရင်းနှီးမြှုပ်နှံမှု လုပ်လို့ရပေမယ့် ဥပဒေအသစ်အရ အချို့လုပ်ငန်းတွေ ကို သက်ဆိုင်ရာအာဏာပိုင် အဆင့်ကခွင့်ပြုချက် တွေ နဲ့ လုပ်ငန်းစနိုင်ပြီး နောက်ပိုင်းမှ ကော်မရှင်မှာ အကြောင်းကြား အတည်ပြုချက်ယူနိုင်တာ တွေလုပ်နိုင်လာပါပြီ။

စီးပွားရေးအသိုင်းအဝိုင်း က အပြောများနေတဲ့ အခက်အခဲတခု ဖြစ်တဲ့ ဝန်ကြီးဌာန အများ အပြားရဲ့ ခွင့်ပြုချက်ကို စောင့်နေရတယ် ဆိုတဲ့ အရေးနဲ့ ပတ်သက်လို့ ဘီဘီစီ မေးရာ မှာတော့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥပဒေ ရဲ့ နည်းဥပဒေတွေ အပိုင်းမှာ ပြုပြင်ထားတာတွေ ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က ခွင့်ပြုချက် တခု တည်းသာလိုအပ်ပြီး အခြားဝန်ကြီးဌာန တွေ ရဲ့ခွင့်ပြုချက် မလိုအပ်ပဲ လုပ်ငန်းစတင်နိုင်တဲ့ လုပ်ငန်းတွေကိုလည်း သတ်မှတ်ထားပြီး ဖြစ်ကြောင်း သူ က ပြောပါတယ်။

လာမယ့် ၂၀၁၇၊ ၂၀၁၈ ဘဏ္ဍာနှစ်မှာ လည်း အခု ဘဏ္ဍာနှစ်လိုပဲ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆ ဘီလီယံ ရည်မှန်းထားပါတယ်။