ကိုးကန့်တပ်ဖွဲ့ရဲ့ တရုတ်ဘဏ်ငွေစာရင်း အပိတ်ခံရ

  • 22 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ကိုးကန့်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်

တရုတ်နိုင်ငံက ဘဏ်ကြီးတခုဖြစ်တဲ့ စိုက်ပျိုးရေးဘဏ် Agricultural Bank of China (Ag Bank) က လောလောဆယ် မြန်မာအစိုးရ တပ်ဖွဲ့တွေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ခိုက်နေတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ငွေစာရင်းကို ပိတ်လိုက်တယ်လို့ ရိုက်တာသတင်းထဲမှာ ဖေါ်ပြထားပါတယ်။

သူတို့ရဲ့ ငွေစာရင်းပိတ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ် AG ဘဏ်က အကြောင်းကြားခဲ့တယ်လို့ MNDAA ရဲ့ ပင်လယ်ရပ်ခြားရံပုံငွေ ကြီးကြပ်သူတဦးရဲ့ အပြောကို ကိုးကားရေးသားထားတာဖြစ်ပါတယ်။

တရုတ်သတင်းတွေထဲမှာ ရေးသားဖေါ်ပြချက်တွေအရ MNDAA က တရုတ်လူမှုကွန်ယက် WeChat မှာ သူတို့ ရဲ့ ငွေစာရင်းနံပတ်၊ ဆက်သွယ်ရမယ့် ဖုံးနံပတ်တွေစတာတွေနဲ့ သူတို့ကို ငွေကြေးလှုဒါန်းနိုင်ကြောင်း ရေးသားနေတာတွေ အရင်ကတည်းက ရှိခဲ့တဲ့အတွက် အခုပိတ်တဲ့ ငွေစာရင်းဟာ အဲဒီငွေစာရင်းဖြစ်လိမ့်မယ်လို့ ယူဆကြောင်း တိုင်းရင်းသားလက်နက်ကိုင်အရေး စောင့်ကြည့်နေတဲ့ သတင်းသမား ကိုစိုင်းထွန်းအောင်လွင်က ပြောပါတယ်။

တရုတ်နိုင်ငံဘက်က တရုတ်လူမျိုးတွေအပါအဝင် ကိုးကန့်တပ်ဖွဲ့ကို ထောက်ခံသူတွေက ငွေကြေးလှူဒါန်းလေ့ရှိကြတယ်လို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ် ပထမဆုံးအကြိမ် လောက်ကိုင်တိုက်ပွဲ ဖြစ်ခဲ့စဉ်ကလည်း တရုတ်နဲ့ မြန်မာအစိုးရ နားလည်မှုယူပြီး ဒီလို တရုတ်က MNDAA ရဲ့ ငွေစာရင်းကို ပိတ်တာမျိုးရှိခဲ့တာကြောင့် အခုတကြိမ်မှာလည်း အလားတူ နားလည်မှုယူထားတဲ့ သဘောရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာအစိုးရရဲ့ အခုနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ တရုတ်နဲ့ အရင် ဆွေးနွေးညှိနှိုင်းပြီးမှ ဝ တို့လို တိုင်ရင်းသားတွေနဲ့ ပြန်ဆွေးနွေးတာမျိုးကို သူသတိပြုမိတယ်လို့ ကိုစိုင်းထွန်းအောင်လွင်က ပြောပါတယ်။

အခုလို ငွေစာရင်း အပိတ်ခံရလို့ MNDAA အပေါ် သက်ရောက်မှု ရှိကောင်းရှိနိုင်ပေမယ့် အခု MNDAA ရဲ့ အနေအထားဟာ အရင်နဲ့ မတူတော့ဘူးလို့ ဆိုပါတယ်။

အရင်တုံးက MNDAA ဟာ သီးခြားရပ်တည်နေခဲ့တာဖြစ်ပြီး အခုအခါမှာ သူ့မှာ မဟာမိတ်တွေ အများကြီးရှိနေတာကြောင့် ဒီတခုတည်းနဲ့ ဖိအားပေးဖို့ မလုံလောက်ဘူးလို့ ပြောပါတယ်။

အခုကိစ္စမှာ တရုတ်တို့က ဆောင်ရွက်လိုက်တဲ့အတွက် မြန်မာဘက်က တစုံတရာ လိုက်လျောပေးခဲ့ရတာတွေ ရှိနိုင်တယ်လို့လည်း ကိုစိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ