ပါလီမန်တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးမှုတွေလုပ်

  • 23 မတ် 2017
Image caption လန်ဒန်မြို့ပြရဲတပ်ဖွဲ့ ရဲမင်းကြီး မာ့ခ်ရိုလီ

မတ်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့က ဗြိတိသျှပါလီမန်အနားမှာ အကြမ်းဖက်သမားတစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အိမ်လေးလုံးကို ဝင်ရောက်ရှာဖွေပြီး လူ ခုနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ လန်ဒန်မြို့ပြရဲအဖွဲ့ရဲ့ ဒုတိယရဲမင်းကြီး မာ့ခ်ရိုလီကပြောပါတယ်။

ရာနဲ့ချီတဲ့ ရဲထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ညက တစ်ညလုံး လန်ဒန်၊ ဘာမင်ဟန်နဲ့ တခြားမြို့တွေမှာ စုံစမ်းဖော်ထုတ်တာတွေ လုပ်နေခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ပါလီမန်အနားက ဝက်စမင်စတာတံတားပေါ်မှာ လမ်းသွားလမ်းလာတွေကို ဝင်တိုက်ပြီး ပါလီမန်ဂိတ်ဝင်းထဲမှာ ရဲတစ်ယောက်ကို ဓားနဲ့ထိုးခဲ့သူ အသုံးပြုခဲ့တဲ့ကားကို ဘာမင်ဟန်မြို့က ငှားရမ်းခဲ့တယ်ဆိုတာလည်း ရဲတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မနေ့က အကြမ်းဖက် တိုက်ခိုက်မှုမှာ အကြမ်းဖက်သမား၊ ရဲနဲ့နောက်ထပ် နှစ်ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့ပါတယ်။

ဒဏ်ရာရသူ အနည်းဆုံး ၂၇ ဦးရှိပြီး ၇ ယောက်က စိုးရိမ်ရတယ်လို့ သိရပါတယ်။