လူ့အခွင့်ရေး ကောင်စီ ဆုံးဖြတ်ချက် အပေါ် အမျိုးမျိုး တုံ့ပြန်

  • 24 မတ် 2017
Image caption အရပ်သားတွေ အပေါ် တိုက်ခိုက် ခဲ့တယ် ဆိုတဲ့ စွပ်စွဲသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ရှာဖွေဖို့ နိုင်ငံတကာ အဖွဲ့ စေလွှတ်မယ် ဆိုတဲ့ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ လက်သင့်ခံဖွယ်ရာ မဟုတ်ဘူး ဆိုပြီး မြန်မာဘက်က တုံ့ပြန် ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထားပြီး အစိုးရ စစ်တပ်က လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် စုံစမ်း စစ်ဆေးမှု တွေ ပြုလုပ် နိုင်ဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့ စေလွှတ်မယ် ဆိုပြီး ဂျနီဗာမှာ မတ်လ ၂၄ ရက်၊ သောကြာနေ့က ကျင်းပတဲ့ အခွင့်အရေး ကောင်စီ အစည်းအဝေး ကနေ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုလို အသစ် ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက် အသစ်ဟာ အပြုသဘော မဆောင်ဘူးလို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဆိုပေမယ့် အချက်အလက် ရှာဖွေရေး နိုင်ငံတကာ အဖွဲ့ကို နိုင်ငံထဲကို ဝင်ခွင့် တကယ်တမ်း ပိတ်ပင်မှာလား ဆိုတာ ကိုတော့ ဖြေဆိုခြင်း မရှိပါဘူး။

လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ မှာလည်း မတူညီတဲ့ တုန့်ပြန်သံ အမျိုးမျိုး ထွက်ပေါ် နေပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေကို လေ့လာပြီး အစီရင်ခံစာ တင်သွင်းရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ တောင်းဆိုခဲ့သလို စုံစမ်းရေး ကော်မရှင် ဖွဲ့ စေလွှတ်မယ့် အစား အချက်အလက် ရှာဖွေရေး အဖွဲ့ပဲ စေလွှတ်ဖို့ ဆုံးဖြတ်တာဟာ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူရဲ့ ပျက်ကွက်မှု ဖြစ်တယ် ဆိုပြီး ဗြိတိန် အခြေစိုက် ဘားမားကင်ပိန်းယူကေ အဖွဲ့က ဝေဖန်ပါတယ်။

လူသားမျိုးနွယ်ဖို့ ကျူးလွန်တဲ့ ရာဇဝတ်မျိုးတွေ ရခိုင်ပြည်နယ်ထဲ ဖြစ်ပေါ် ခဲ့သလား ဆိုတာကို စုံစမ်းဖို့နဲ့ ရှေ့ဆက်လက် အရေးယူနိုင်ဖို့ ဆိုရင် စုံစမ်းရေး ကော်မရှင် ဖြစ်မှသာ ထိရောက် နိုင်လိမ့်မယ်လို့ ဘားမားကင်ပိန်းယူကေ အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမနာက ဘီဘီစီကို ပြောပါတယ်။

ရခိုင် အမျိုးသားပါတီ ANP ကတော့ လူ့ အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်ကို ကန့်ကွက်တယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက် ခံနေရတယ် ဆိုပြီး ပြောနေတဲ့ လူအုပ်စုကသာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးတဲ့ အထိ တိုက်ခိုက်မှုတွေ ကျူးလွန် နေတာ ဖြစ်တယ် လို့ ANP ပါတီရဲ့ ဒုဥက္ကဌ ဒေါ်အေးနုစိန်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နယ်ခြားစောင့် ရဲကင်းတွေ အတိုက်အခိုက် ခံခဲ့ရအပြီး အစိုးရလုံခြုံရေး တပ်ဖွဲ့တွေ ရဲ့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ချက် တွေအတွင်း ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ် ဆိုတဲ့ စွပ်စွဲသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာထဲမှာ ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် အသတ်ခံရ၊ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခံ ခဲ့ရပြီး သောင်းနဲ့ချီတဲ့ သူတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ခြမ်း ထွက်ပြေး ခဲ့ကြ ရတယ် ဆိုပြီး ဖော်ပြ ထားပါတယ်။

အချက်အလက် ရှာဖွေရေး အဖွဲ့ စေလွှတ်မယ် ဆိုတဲ့ လူ့ အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ဒီဖြစ်ရပ် တွေ အပေါ် စုံစမ်း နိုင်ဖို့ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ