စိုက်ပျိုးရေးဝန်ကြီးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံ

  • 25 မတ် 2017
ဓာတ်ပုံ မူပိုင် AFP/Getty
Image caption အဆင့်မြင်လယ်ယာအတွက် ရည်မှန်းထားလို့ ဝန်ကြီးက ဆို

စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က လယ်ယာကဏ္ဍ တိုးတက်စေရေးအတွက် ဝန်ကြီးဌာန က စီစဉ်ထားတဲ့ ကန်ထရိုက် လယ်ယာ အစီအစဉ်နဲ့ စိုက်ပျိုးရေးထွက်ကုန် ကဏ္ဍအတွက် ချေးငွေပိုင်းဆိုင်ရာတွေ ကို ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

ဝန်ကြီး နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဆိုင်ရာ စီးပွားရေး အဖွဲ့တွေအပါအဝင် အရပ်ဖက် ဆိုင်ရာ အသင်းအဖွဲ့တွေ က တာဝန်ရှိသူတွေ စနေနေ့က ရန်ကုန်မှာ တွေ့ဆုံခဲ့ကြတဲ့ပွဲ ဟာ ဝန်ကြီး တာဝန်ယူ တနှစ် တာကာလအတွင်း ပထမဆုံးအကြိမ်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဝန်ကြီး က တောင်သူလယ်သမားတွေ သူတို့ထွက်ကုန်သီးနှံတွေ ရောင်းချရာမှာ စျေးနှိမ်မခံရစေဖို့အတွက် သီးနှံအာမခံစနစ်နဲ့ ကျေးလက်တွေမှာ သီးနှံသိုလှောင်ရုံတွေ တည်ဆောက် ဖို့ ကိုလည်း စီစဉ်နေ တယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ရဲ့ အစီအစဉ်တွေ ထဲမှာ လက်တွေ့ကျတာလည်း ပါသလို ဝန်ကြီးဌာန က လုပ်ကိုင်ထုတ်လုပ်နေတဲ့ မျိုးစေ့ထုတ်လုပ်ငန်းလို လုပ်ငန်း မျိုးက အောင်မြင်မှု မရနိုင်ဘူးလို့ လည်း စီးပွားရေး လုပ်ငန်းရှင်တချို့က ဆိုပါတယ်။