မြန်မာ လူ့အခွင့်အရေး လှုပ်ရှားမှု အတွက် EU က ဂုဏ်ပြုဆု သတ်မှတ်လာ

  • 4 ဧပြီ 2017
Image caption ဒေါ်ဂျာနန်၊ ဦးအောင်မျိုးမင်းနဲ့ ကွယ်လွန်သူ ဦးကိုနီတို့ကို ပေးဖို့ EU ရွေးချယ်

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ တည်ထောင်တာ အနှစ် ၆ဝ မြောက် အထိမ်းအမှတ် အနေနဲ့ မြန်မာနိုင်ငံ အတွင်းက လူ့ အခွင့်အရေး လှုပ်ရှားသူတွေကို အခုနှစ်ကစပြီး Schuman Awards ဆုတွေ စတင် ချီးမြှင့် လာပါတယ်။

၂ဝ၁၇ အတွက် ဆုတွေကို ဒေါ်ဂျာနန်၊ ဦးအောင်မျိုးမင်းနဲ့ ကွယ်လွန်သူ ဦးကိုနီတို့ကို ပေးဖို့ EU က ရွေးချယ် ခဲ့ပါတယ်။

EU အဖွဲ့က အားပေး ထောက်ခံမှု အပြည့်အဝ ပေးနေတဲ့ လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီ၊ တန်းတူညီမျှရေးနဲ့ ဥပဒေစိုးမိုးမှု စတဲ့ အရေး ကိစ္စတွေမှာ ထူးချွန် ပြောင်မြောက်စွာ လုပ်ဆောင် ခဲ့သူတွေကို ဂုဏ်ပြု ပေးအပ်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂ အဖွဲ့က ဆိုပါတယ်။

EU အဖွဲ့ အနေနဲ့ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ဘဏ္ဍာရေး ဆိုင်ရာနဲ့ နည်းပညာ ဆိုင်ရာ အကူအညီတွေ ဆက်လက် ပေးသွားမယ့် သဘောထား မျိုးကို တွေ့ရတယ် ဆိုပြီး ဆုရသူ တစ်ဦးဖြစ်တဲ့ ညီမျှခြင်း မြန်မာ အဖွဲ့က ဦးအောင်မျိုးမင်းက ဆိုပါတယ်။

EU အနေနဲ့ မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အပေါ် အနီးကပ် စောင့်ကြည့် နေဆဲ ဖြစ်ပြီး၊ ရခိုင် အရေးနဲ့ ပတ်သက်လို့ အချက်အလက် ရှာဖွေရေး နိုင်ငံတကာ အဖွဲ့ စေလွှတ် မယ် ဆိုတဲ့ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ထွက်လာတာမျိုးဟာ EU က ကမကထလုပ် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးကို အသားပေး ဆောင်ရွက် နေတာကို တွေ့ရပေမယ့် တိုက်ပွဲတွေ ဆက်လက် ရှိနေဆဲ ဖြစ်သလို၊ လက်နက်ကိုင် ပဋိပက္ခ ရှိတဲ့ နယ်မြေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိနေတယ် ဆိုပြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

လူသား အားလုံးကို အကာအကွယ်ပြု နိုင်တဲ့ ဥပဒေမျိုးတွေ ပေါ်ထွန်း လာဖို့ ဆက်လက် တိုက်တွန်း သွားမယ် ဆိုပြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။