သာသနာရေး ဝန်ကြီးဌာနကို ကြံ့ခိုင်ရေးပါတီ ကန့်ကွက်

  • 9 ဧပြီ 2017
Image caption ကြံ့ခိုင်ရေးအပါအဝင် ၉ ပါတီက ကိုဆွေဝင်းနဲ့ ပတ်သက်တဲ့ သာသနာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ဟာ တရားရေးကို တိမ်းစောင်းစေတယ်လို့ ဝေဖန်ကန့်ကွက်လိုက်ပါတယ်။

ကိုဆွေဝင်းဟာ သာသနာကို နာကျည်းအောင် တမင်ပြောဆိုတာ မဟုတ်တဲ့ အတွက် အပြစ်မရှိကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက စာထုတ်ပြန်ခဲ့တာဟာ တရားစီရင်ရေးကို တိမ်းစောင်းအောင် လုပ်တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဒေါက်တာနေဇင်လတ် ဦးဆောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီ၊ ဦးသိန်းညွန့်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ် တို့အပါအဝင် စုစုပေါင်း ပါတီ ၉ ခုက ကန့်ကွက် ကြေညာခဲ့ကြပါတယ်။

မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ သံဃာတော်တပါးရဲ့ ဝေဖန်ချက်ကို ကိုးကားပြီး ဦးဝီရသူဟာ ပါရာဇိကံ ကျတယ်လို့ ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ ရန်ကုန်မန္တလေးတို့မှာရှိတဲ့ ဦးဝီရသူရဲ့ တပည့်တွေက တရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲသလို တရားစွဲဆိုထားစဉ်ကာလမှာပဲ ကိုဆွေဝင်းရဲ့ ပန်ကြားချက်အရ သာသနာရေးဝန်ကြီးဌာနက သူတို့ရဲ့ သုံးသပ်ချက်ကို ထုတ်ပြန်ခဲ့သလို သူတို့ရဲ့ သုံးသပ်ချက်ကို တရားရုံးမှာ သက်သေအဖြစ် အသုံးပြုနိုင်တယ်လို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဦးဝီရသူဟာ မွတ်ဆလင် ဆန့်ကျင်ရေးကို တစိုက်မတ်မတ်ဟောပြောသူ တဦး ဖြစ်ပါတယ်။ အမျိုးသမီးများဟာ ကုလားကိုယူမယ့်အစား ခွေးကိုယူသင့်တယ်လို့ဟောပြာခဲ့သူလည်း ဖြစ်ပါတယ်။