ထိုင်းတော်လှန်ရေးကျောက်ပြား ဖယ်ရှားခံရ

  • 15 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters/Matthrew Tostevin
Image caption ဘုရင်စနစ် အရေးကြီးကြောင်း စာသားတွေပါဝင်တဲ့ ကျောက်ပြား ပြောင်းတပ်ထား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ရင်ပြင်မှာ တပ်ဆင်ထားတဲ့ ၁၉၃၂ ခုနှစ် သက်ဦးဆံပိုင် ဘုရင်စနစ် ဖြိုချတဲ့ တော်လှန်ရေး အထိမ်းအမှတ် ကျောက်ပြား ပျောက်ဆုံးသွားပြီး အဲဒီ ကျောက်ပြားနေရာမှာ ဘုရင်စနစ် အရေးကြီးကြောင်း စာသားတွေပါဝင်တဲ့ ကျောက်ပြား ပြောင်းတပ်ထားတာကို ရဲတွေက စုံစမ်းနေပါတယ်။

ထိုင်းနိုင်ငံဟာ ရာစုနှစ် ၇ ခုလောက် သက်ဦးဆံပိုင်ဘုရင်ကပဲ အုပ်ချုပ်နေရာကနေ ၁၉၃၂ ခုနှစ် အာဏာသိမ်းမှုကနေ ရွေးကောက်ခံ အစိုးရတွေ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီကျောက်ပြားရှိတဲ့ မြို့နယ်အပိုင် အုပ်ချုပ်ရေးမှူးကတော့ ဒါကို သူမလုပ်ပါဘူးလို့ ငြင်းဆိုထားပြီး တရားခံကို မသိရသေးဘူးလို့ ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံက ဘုရင်စနစ်ထောက်ခံတဲ့သူတွေကတော့ ဒီအထိမ်းအမှတ် ကျောက်ပြားကို ဖယ်ရှားပစ်မယ်လို့ ခြိမ်းခြောက်ထားခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုဝင်တွေကို ဝေဖန်သူတွေကို ပြစ်ဒဏ်ချတာတွေကိုလည်း စစ်ဦးစီးချုပ်ဟောင်း ဦးဆောင်နေတဲ့ ထိုင်းအစိုးရက တိုးမြှင့်လုပ်ဆောင်လာနေတာကိုလည်း လတ်တလောမှာ တွေ့မြင်နေရပါတယ်။

ဒီမိုကရေစီသစ် တက်ကြွလှုပ်ရှားရေး အဖွဲ့ဝင်တွေကတော့ ဒါဟာ ရှေးရိုးစွဲဘုရင်စနစ် ထောက်ခံသူတွေရဲ့ သမိုင်းကို ပြန်ပြင်ဖို့ ကြိုးစားမှုတခုပဲလို့ ဝေဖန်နေကြပြီး ဒီကိစ္စတွေဟာ ထိုင်းဘုရင်သစ် မဟာ ဝိဂျရာလောင်ကွန်း တက်လာပြီး နောက်ပိုင်း ဒီကိစ္စတွေ ပိုဆိုးလာတယ်လို့ ပြောဆိုနေကြပါတယ်။