တောင်ကိုရီးယားက ကန်ရဲ့ထောက်ခံမှုအရင်ထက် ပိုရမယ်

  • 16 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားဟာ စနေနေ့ကပဲ အမေရိကန်နဲ့ စစ်ဖြစ်ဖို့ ဝန်မလေးဘူးလို့ ကြိမ်းဝါးထားခဲ့ပြီး နောက်တနေ့မှာ ဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်ခဲ့တာပါ

မြောက်ကိုရီးယားရဲ့ မအောင်မြင်တဲ့ ဒုံးကျည်စမ်းမှုအပြီး နာရီပိုင်းအတွင်းမှာပဲ တောင်ကိုရီးယားကိုရောက်ရှိလာတဲ့ အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က တောင်ကိုရီးယားကို အခုလို အချိန်မျိုးမှာ အရင်ကထက်ပိုပြီး ထောက်ခံမှုပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ချိုးဂျွန်းဟျော့ကတော့

'မြောက်ကိုရီးယားဟာ မနေ့ကလဲ ဒုံးကျည်တွေ အမျိုးမျိုး ပြတဲ့အပြင် ဒီနေ့လဲ ဒုံးကျည်ထပ်စမ်းပြီး တကမ္ဘာလုံးကို ခြိမ်းခြောက်နေတယ်ဆိုတော့ နောက်ထပ် ဒါမျိုးတွေ ထပ်လုပ်လာရင် ကျနော်တို့ကလည်း ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်' လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှု မအောင်မြင်တာဟာ တွက်ဆထားပြီးသား ကိစ္စမဟုတ်ဘူးလို့လည်း မစ္စတာ မိုက်ခ်ပန့်စ်နဲ့အတူ ပါဝင်လာတဲ့ အမေရိကန် အရာရှိတွေက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ စနေနေ့ကပဲ အမေရိကန်နဲ့ စစ်ဖြစ်ဖို့ ဝန်မလေးဘူးလို့ ကြိမ်းဝါးထားခဲ့ပြီး နောက်တနေ့မှာ ဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်ခဲ့တာပါ။

တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ မစ္စတာ ပန့်စ်ဟာ ကိုရီးယားစစ်ပွဲအတွင်းက သေဆုံးသူတွေရဲ့ ဂူဗိမာန်ကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး တနင်္လာနေ့ကျမှ တောင်ကိုရီးယားခေါင်းဆောင်တွေနဲ့ တွေ့ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ