Surface လက်ပ်တော့ပ် အသစ်ကို မိုင်ခရိုဆော့ဖ် ထုတ်ပြ

  • 3 မေ 2017
Image caption Surface လက်ပ်တော့ပ် ကွန်ပြူတာသစ်

လက်ပ်တော့ပ် ကွန်ပြူတာ စျေးကွက်မှာ Apple ရဲ့ Macbook Air ကို ယှဉ်ပြိုင်ဖို့ မိုင်ခရိုဆော့ဖ် ကုမ္ပဏီက သူတို့ရဲ့ Surface လက်ပ်တော့ပ် ကွန်ပြူတာသစ်ကို ထုတ်ပြ လာပြီ ဖြစ်ပါတယ်။

လာမယ့် ဇွန်လ ၁၅ ရက်နေ့ စျေးကွက်ပေါ် တင်မှာ ဖြစ်ပြီး ရောင်းစျေးက အမေရိကန် ၉၉၉ ဒေါ်လာ ကနေ စရှိမှာ ဖြစ်ပါတယ်။

Surface လက်ပ်တော့ပ်ရဲ့ မျက်နှာပြင် အကျယ် ၁၃ လက်မခွဲ ရှိပြီး၊ ဘက်ထရီ သက်တမ်း ၁၄ နာရီ ခံမယ်လို့ မိုင်ခရိုဆော့ဖ် က ပြောပါတယ်။

ဒါ့အပြင် Surface ဟာ ၁.၂၅ ကီလိုဂရမ် အလေးချိန်ပဲ ရှိတဲ့အတွက်၊ Macbook Air ထက်ပိုပြီး ပေါ့ပါးတယ်လို့ Microsoft Surface ကို တာဝန်ယူထားတဲ့ Panos Panay က ပြောပါတယ်။

Apple ရဲ့ Macbook Air ဟာ ကျောင်းသားတွေကြား ရေပန်းစား ပေမယ့် မော်ဒယ် အသစ် ထွက် မလာတာ နည်းနည်း ကြာနေပြီလို့ စျေးကွက် သုတေသီတွေက ဆိုပါတယ်။

မိုင်ခရိုဆော့ဖ် ကုမ္ပဏီက Surface လက်ပ်တော့ပ် အသစ်နဲ့ တချိန်တည်း မှာပဲ Windows 10 ကို တမျိုးပြောင်းထားတဲ့ ဗားရှင်း အသစ်ကိုလည်း ထုတ်ပြ လာပါတယ်။

အဲဒီ Windows 10 စံနစ် အသစ်ဟာ စာသင်ကျောင်းတွေမှာ အသုံးပြုဖို့ ရည်မှန်းထားပြီး၊ တန်ဖိုးနည်း ကွန်ပြူတာတွေ အတွက် ရည်ရွယ် ဒီဇိုင်း ထုတ်ထားတာ ဖြစ်ပါတယ်။