ပြင်သစ်သမ္မတသစ် ဘယ်သူလဲ သိရတော့မယ်

  • 7 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption နေ့လည်ပိုင်းလောက်အထိ မဲပေးသူ အရေအတွက်အရ ပြင်သစ်နိုင်ငံတွင်း မဲပေးခွင့်ရှိသူ အရေအတွက်ရဲ့ ၂၈ ရာခိုင်နှုန်းလောက် မဲပေးပြီး ဖြစ်

ပြင်သစ်နိုင်ငံမှာ သမ္မတ အပြီးသတ်ရွေးရမယ့် ဒုတိယအကျော့ ရွေးကောက်ပွဲကို ဒီကနေ့ ပြုလုပ်နေပြီး ရွေးကောက်ပွဲရလဒ်ကို ဒီကနေ့ ညနေပိုင်းလောက်မှာ ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်။

နေ့လည်ပိုင်းလောက်အထိ မဲပေးသူ အရေအတွက်အရ ပြင်သစ်နိုင်ငံတွင်း မဲပေးခွင့်ရှိသူ အရေအတွက်ရဲ့ ၂၈ ရာခိုင်နှုန်းလောက် မဲပေးပြီး ဖြစ်တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

မဲပေးသူတွေဟာ ဥရောပလိုလားသူ ဗဟိုဝါဒီ အီမန်နွဲ မာခွန်း နဲ့ ပြည်တွင်းစီးပွား ကာကွယ်ရေး လက်ယာစွန်း ဝါဒီ မရင်းလပန်းတို့ ၂ ယောက်ထဲက တယောက်ယောက်ကို ရွေးရမှာ ဖြစ်ပါတယ်။

အဓိကပါတီကြီး နှစ်ခုဖြစ်တဲ့ ဆိုရှယ်လစ်နဲ့ ဗဟို လက်ယာယိန်း ရေပတ်ဘလီကန်း ပါတီတို့ကတော့ ပထမအကျော့ ရွေးကောက်ပွဲမှာ ကတည်းက ရှုံးနိမ့်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံတွင်း လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လုံခြုံရေး တင်းကြပ်ထားဆဲ ဖြစ်ပြီး အရေးပေါ် အခြေအနေ ကြေညာထားမှုလည်း မရုပ်သိမ်းရသေးပါဘူး။

သမ္မတလောင်း မာခွန်းက သူ့ရဲ့ နေရပ်ဖြစ်တဲ့ နိုင်ငံရဲ့ မြောက်ပိုင်းက လေတုကက် ကမ်းခြေ အပန်းဖြေမြို့လေးမှာ မဲပေးခဲ့ပြီး နောက်ထပ် သမ္မတလောင်း လပန်းကတော့ အလုပ်သမား လူတန်းစား အများစုနေထိုင်တဲ့ အဲနန် ဘိုးမွန့် နယ်မှာ မဲပေးမှု ပြုလုပ်ခဲ့ပါတယ်။

လောလောဆယ်မှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းကမ်းထုတ်ထားမှုတွေကြောင့် မဲပေးမှု အချိန်စေ့တဲ့ ဒေသစံတော်ချိန် ညနေ ၇ နာရီ မတိုင်မီမှာ သမ္မတလောင်း ၂ ယောက်ရဲ့ ရလဒ်မှန်းခြေကို စာနယ်ဇင်းသတင်းတွေ ထုတ်ပြန်ခွင့်ရမထားပဲ မာခွန်းနဲ့ ဆက်စပ်နေတဲ့ ပေါက်ကြားထားတဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ရေးသားဖော်ပြခွင့် ပိတ်ပင်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ