ဦးဘုန်းမော်ရွှေ ငွေအလွဲသုံးမှု သူတို့နဲ့မဆိုင်ဘူးလို့ USDP ပြော

  • 11 မေ 2017
ဓာတ်ပုံ မူပိုင် U Nay Myo Kyaw
Image caption မကွေးတိုင်း အစိုးရ ရုံး

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ USDP က မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေရဲ့ ငွေ အလွဲ သုံးစားမှုဟာ သူတို့ ပါတီနဲ့ မပတ်သက်ဘူးလို့ ပြောပါတယ်။

လက်ရှိ အစိုးရ ကသာ ဦးဘုန်းမော်ရွှေနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ဥပဒေနဲ့ အညီ ဖြေရှင်း ရမှာ ဖြစ်တယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဘီဘီစီကို ပြောပါတယ်။

ဦးဘုန်းမော်ရွှေကို ပါတီ အနေနဲ့ အရေးယူဖို့ ရှိမရှိ ဘီဘီစီက မေးမြန်း ရာမှာ သူ့ကိုသာ မက ဘယ်သူ့ကို မဆို သူတို့ ပါတီ အခြေခံ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု မရှိရင် အရေးယူ သွားမယ်၊ အခု ဖြစ်စဉ်မှာလည်း ပါတီစည်းကမ်းနဲ့ ညီညွတ်မှု ရှိမရှိ ပါတီတွင်း စိစစ် နေတယ်လို့ သာပြောဆိုပြီး တိတိကျကျ ဖြေခဲ့တာတော့ မရှိပါဘူး။

မေလ ၁၂ ရက်နေ့ မှာလည်း ကြံခိုင် ဖွံ့ဖြိုးရေး ပါတီရဲ့ သတင်းစာ ရှင်းလင်းပွဲ ကို နေပြည်တော် ပါတီဌာနချုပ်မှာ ပြုလုပ်ဖို့ရှိပါတယ်။

အဲဒီမှာ ကြံခိုင် ဖွံ့ဖြိုးရေး ပါတီရဲ့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူတွေနဲ့ ပတ်သက်လို့ စုံစမ်းဆောင်ရွက်မှု တွေကို သတင်း မီဒီယာတွေ သိအောင် ပြောပြမယ်၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ ပါတီ အပါအဝင် ပါတီ ၁၃ ခုက တင်ပြထားတဲ့ကိစ္စ သတင်းမီဒီယာတွေ မေးထားတာကို ပြန်ဖြေမယ်၊ ပါတီရဲ့လက်ရှိနဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေ အကြောင်း ရှင်းလင်းပြောပြမယ်လို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။