သမ္မတ လွတ်ငြိမ်းခွင့်နဲ့ နိုင်ကျဉ်း ၆၃ ယောက်လွတ်လာ

  • 24 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင် ၀င်ပေါက်

ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကြိုဆိုတဲ့ အနေနဲ့ နိုင်ငံတလွှား အကျဉ်းထောင်တွေက မြန်မာ နိုင်ငံသား ၁၈၆ ယောက်နဲ့ နိုင်ငံခြားသား ၇၃ယောက်ကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လွှတ်ပေး ခဲ့ပါတယ်။

လွတ်မြောက်လာသူတွေထဲ အရင် သမ္မတ ဉီးသိန်းစိန် လက်ထက်တုန်းက နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ၊ ယုံကြည် အပ်နှံ ဖောက်ဖျက်မှုတွေနဲ့ ၂၀၁၄ အောက်တိုဘာ ၁၇ ရက်နေ့တုန်း ကတောင်ငူထောင်မှာ အကျဉ်းကျနေတဲ့ သာသနာရေး ၀န်ကြီးဟောင်း ဉီးဆန်းဆင့်နဲ့ ကြက်ဖကြီး အကောင့် ပိုင်ရှင်လို့ ဆိုပြီး ထောင်ချခံနေရတဲ့ ကိုလှဖုန်းတို့ ပါ၀င်ပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီး ခံထားရသူတွေထဲ ကိုလှဖုန်း တယောက်သာ လွတ်လာခဲ့ပြီး သူ့ကို ၆၆ ဃ နဲ့ နှစ်မှု ၊ ၅၀၅ ခ နဲ့ နှစ်မှု တခုကို ခြောက်လစီနဲ့ ၂၀၁၆ နို၀င်ဘာ ၁၁ ရက်နေ့တုန်းက အင်းစိန်ထောင်မှာ နှစ်နှစ် ပြစ်ဒဏ် စီရင်ခဲ့တာ ဖြစ်ပါတယ်။

လွတ်လာသူတွေထဲ နိုင်ငံရေး အကျဉ်းသား ၆၃ ယောက်ပါတယ်ကို နိုင်ငံရေး အကျဉ်းသား ကာကွယ်စောင့်ရှောက်သူများ အဖွဲ့ အေအေပီပီက ကိုကိုကြည်က ပြောပါတယ်။

အဲဒီ အထဲမှာ မတရားသင်း ဆက်သွယ်မှု ၁၇/၁ နဲ့ ပြစ်ဒဏ် ကျနေတဲ့ ရခိုင်က လယ်သမား ၅၀ လောက်ပါပြီး တလောတုန်းက ပုဒ်မ ၁၈နဲ့ ထောင်ချခံရတဲ့ ကျောင်းသားတွေလည်း ပါ၀င်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်ဆောင်နေတဲ့ မန္တလေးက ကိုဇော်ဇော်လတ် နဲ့ ပွင့်ဖြူလတ် တို့လည်း ပါ၀င်ပြီး သူတို့ကို မတရားသင်း ဆက်သွယ်မှုနဲ့ ထောင်ချခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ ပုဒ်မ ၁၃/၁ မတရားသင်း ဆက်သွယ်မှု နဲ့ ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ မပါတော့ ထင်ရှားတဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တဲ့ ကုန်စျေးနှုန်း ကျဆင်းရေး လှုပ်ရှားသူ အဖြစ် အသိများတဲ့ ကိုထင်ကျော် ၊ ဗိုလ်ကြီး ၀င်းနိုင်ကျော်နဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားဟောင်း အဖွဲ့ထဲက ကိုမင်းဌေး တို့တွေ ဖြစ်ပါတယ်။