ဗြိတန်က ရွေးကောက်ပွဲ မဲဆွယ်မှုတွေ ပြန်စ

  • 5 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption လန်ဒန်မှာ အကြမ်းဖက် တိုက်ခိုက်မှု

လန်ဒန်မှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့လို့ ရပ်ထားတဲ့ ဗြိတန်က ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေကို တိုက်ခိုက်မှု ဖြစ်ပြီး နှစ်ရက် အကြာမှာ ပြန်စခဲ့ပါတယ်။

တချိန်တည်းမှာ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ အဲဒီအပေါ် ထားရှိတဲ့ သူရဲ့ မူဝါဒ သဘောထားတွေကို ကာကွယ်ပြောကြားဖို့ ၀န်ကြီးချုပ် အနေနဲ့ ဖိအားပေး ခံခဲ့ရပါတယ်။

လက်ရှိ ဝန်ကြီးချုပ် သရီစာမေ ဟာ သူပြည်ထဲရေး ဝန်ကြီး ဘဝတုန်းက ရဲ အရာရှိ နှစ်သောင်း လျှော့ချ ဖြတ်တောက်ခဲ့တဲ့ အတွက် ရာထူးက နှုတ်ထွက်သင့်တယ်လို့ အဓိက အတိုက်အခံ ပါတီခေါင်းဆောင် ဂျရမီ ကိုဘန်က ပြောပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ ရဲတွေ စွမ်းအားခိုင်မာစေဖို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဘတ်ဂျက်ကို အထူးတလည် တိုးပေးခဲ့တယ်လို့ မစ္စက်မေက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

စနေနေ့က ဖြစ်ပွားခဲ့တဲ့ လန်ဒန်က အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား ပစ္စည်း တော်တော်များများကို သိမ်းဆည်းကာ မှုခင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရဲက ပြောပါတယ်။

စုံစမ်းတွေကို ခပ်သွက်သွက် လုပ်နေပြီး လန်ဒန် အရှေ့ပိုင်းမှာ နောက်ထပ် ဖမ်းဆီးမှုတွေ လုပ်ခဲ့သလို အခုအခါ ထိန်းသိမ်းထားသူ ၁၁ယောက် ရှိတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ ခရက်ဆီဒါ ခစ်ခ် က ပြောပါတယ်။

တိုက်ခိုက်မှုမှာ ပါတဲ့သူ အားလုံးကို ဖော်ထုတ်နိုင်ဖို့ ရဲတွေက ဆက်လက်ကြိုးစားနေဆဲ ဖြစ်ပြီး အဲဒီလူတွေဟာ နိုင်ငံတော်တော်များများက လာကြတယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိနေရပြီလို့ ဝန်ကြီးချုပ် သရီစာမေးက ဆိုပါတယ်။

ဒီ အကြမ်းဖက်မှုဟာ ယူကေ တခုတည်းကိုသာမက လွတ်လပ်တဲ့ ကမ္ဘာ တခုလုံးကို တိုက်ခိုက်လိုက်တာဘဲလို့ သူက ပြောပါတယ်။