ခွဲမထွက်ရ စာသား ဆွေးနွေးမှု အကြိတ်အနယ် ဆက်ရှိခဲ့

  • 26 မေ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption တပ်မတော်သား ကိုယ်စားလှယ်တွေက ဒါကို လက်မခံခဲ့ပဲ ဒီစာသား မထည့်ရဘူးဆိုရင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကိစ္စကိုလည်း မဆွေးနွေးဖို့အထိ ပြန်လည် ပြောဆိုခဲ့

၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်မှာ တတိယနေ့အဖြစ် မေလ ၂၆ ရက်နေ့မှာ ဆက်လက် ကျင်းပနေရာမှာ နိုင်ငံတော် နယ်မြေ အပိုင်းအခြား ဟူသမျှ မည်သည့် အခါမှ ခွဲမထွက်ရဆိုတဲ့ ကန့်သတ် တားမြစ်ချက်ကို ဖြုတ်ဖို့ ကိစ္စအတွက် နိုင်ငံရေး ကဏ္ဍပိုင်း အကြိတ်အနယ် ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

ဖက်ဒရယ်မူနဲ့ ပတ်သက်တဲ့ အခြေခံမူအောက်မှာ ထည့်သွင်းမယ့် ဒီတားမြစ်ချက်ကိစ္စကို ပြီးခဲ့တဲ့ မေလ ၂၅ ရက် ကတည်းက အကြိတ်အနယ် ဆွေးနွေးမှုတွေ ရှိခဲ့တာပါ။

တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ ဖက်ဒရယ်မူထဲမှာ ခွဲထွက်ခွင့်ပေးတဲ့ ကိစ္စရော၊ မပေးတဲ့ ကိစ္စပါ ထည့်စရာမလိုဘူးလို့ ပြောခဲ့ပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေက ဒါကို လက်မခံခဲ့ပဲ ဒီစာသား မထည့်ရဘူးဆိုရင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကိစ္စကိုလည်း မဆွေးနွေးဖို့အထိ ပြန်လည် ပြောဆိုခဲ့တယ်လို့ ညီလာခံ တက်ရောက်ခဲ့တဲ့ တအာန်း ပလောင် ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိုင်းဝင်းထူးက ဘီဘီစီကို ပြောပါတယ်။

အခုလို ခွဲမထွက်ရဆိုတဲ့ စကားလုံးကို ထည့်သွင်းတာဟာ ပင်လုံစာချုပ် ကတိကဝတ်နဲ့ ပင်လုံစိတ်ဓါတ်ကို ဆန့်ကျင်နေသလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်စေတဲ့အတွက် ဒီစကားလုံးကို မထည့်ဖို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ဒီ ခွဲထွက်ခွင့် မထွက်ခွင့်ကို ဥပဒေနဲ့ ထိန်းချုပ်တာထက် လူတွေကို ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ချင်အောင် အခင်းအကျင်းတွေ ဖန်တီးပေးမယ်ဆိုရင် ဘယ်သူမှ ခွဲထွက်မှာ မဟုတ်ဘူးလို့လည်း ကိုယ်စားလှယ် တချို့က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် ကိုယ်စားလှယ် ဦးဉာဏ်ဝင်းကလည်း ဒီ ခွဲထွက်ရေး စာသားကို ထည့်စရာ မလိုဘူးလို့ ယူဆကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီညီလာခံရဲ့ တတိယနေ့ ဆွေးနွေးမှုတွေမှာ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး အပိုင်းမှာလည်း ညှိနှိုင်းလို့ မရခဲ့ပါဘူး။

အခုလို နိုင်ငံရေးကဏ္ဍတွေမှာ ညှိနှိုင်းမရခဲ့ပေမယ့် စီးပွားရေး ကဏ္ဍမှာတော့ UPDJC က တင်ပြတဲ့ အချက် ၇ ချက်လုံး သဘောတူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို သဘောတူခဲ့တဲ့ အချက်တွေထဲမှာ ပြည်နယ်အဆင့် အခွန်ကောက်ခံမှုနဲ့ ရင်းနှီး မြုပ်နှံမှု ရန်ပုံငွေ ခန့်ခွဲပိုင်ခွင့် အစရှိတဲ့ စီးပွားရေးပိုင်း ခန့်ခွဲမှုတွေကို ဗဟိုအစိုးရနဲ့ လုပ်ပိုင်ခွင့် ခွဲဝေဖို့ သဘောတူခဲ့ပြီး အသေးစိတ်ကိုတော့ မဆွေးနွေးရသေးဘူးလို့ ဒီညီလာခံကို ပါဝင်သင့် ပါဝင်ထိုက်သူ ကိုယ်စားလှယ် အနေနဲ့ တက်ရောက်ခဲ့တဲ့ ကိုအောင်သူငြိမ်းက ဘီဘီစီကို ပြောပါတယ်။