မဲရလဒ်တွေ အရ အာဏာရ ပါတီ မှန်းတဲ့အတိုင်း ဖြစ်မလာ

  • 9 ဇွန် 2017
Image caption မဲစစ်တမ်း ကောက်ယူချက်ကို ပြသတဲ့ ပုံ

ဗြိတိန် အထွေထွေ ရွေးကောက်ပွဲမှာ ကနဉီး မဲစစ်တမ်းတွေ အရ အာဏာရ ကွန်ဆာဗေးတစ် ပါတီက လက်ရှိ လွှတ်တော်မှာ အမတ် လိုအပ်တဲ့ အမတ် အများစု နေရာရထားတဲ့ အခြေအနေကို လက်လွှတ်ရမယ့် အနေအထား ရှိနေပါတယ်။

မဲပေးခဲ့သူတွေကို စစ်တမ်းကောက်ယူချက်အရ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက မဲအသာရနေတယ်လို့ ဖော်ပြပေမယ့် တပါတီတည်း အစိုးရဖွဲ့နိုင်လောက်တဲ့ အများစုမဲရရှိဖို့ရာ မသေချာဘဲ ဖြစ်နေပါတယ်။

စစ်တမ်းတွေ အရ ကွန်ဆာဗေးတစ်က မဲအသာရနိုင်ပေမယ့် လက်ရှိထက် ၁၇ နေရာ ဆုံးရှုံးရနိုင်တယ်လို့ ဖော်ပြထားပြီး အဓိက အတိုက်အခံ လေဘာ ပါတီက အမတ် နေရာ ၃၄ နေရာ ပိုနိုင်လာလိမ့်မယ်လို့ ဆိုထားပါတယ်။

ဒီစစ်တမ်း အရေအတွက် ရလဒ်တွေ အတိုင်း အမှန် ဖြစ်ခဲ့မယ် ဆိုရင် ထရီစာမေဟာ အန္တရယ် နဲ့ ကစားခဲ့တယ်လို့ ပြောရမှာပါဘဲ ၊ ဒီလောင်းကစားပွဲမှာ သူရှုံးသွားတယ်လို့ ဆိုရမှာဘဲ ၊ တကယ်တော့ ဒီရွေးကောက်ပွဲကို ကြိုခေါ်စရာမလိုဘဲ လုပ်ခဲ့တာလေ လို့ ဘီဘီစီ နိုင်ငံရေး ဆိုင်ရာ သတင်း အယ်ဒီတာ လော်ရာ ကင်းန်စဘတ်ဂ် က ပြောပါတယ်။

ဗြိတိန်မှာ ရွေးကောက်ပွဲကို နောက်သုံးနှစ်ကြာမှ ကျင်းပရမှာ ဖြစ်ပေမယ့် ဥရောပ သမဂ္ဂ ထဲက ထွက်ဖို့ ညှိနှိုင်းရေး ကိစ္စတွေမှာ အစိုးရ အပေါ် ယုံကြည်မှု ပိုရစေဖို့ ဆိုပြီး လက်ရှိ ဝန်ကြီးချုပ် ထရီစာမေက ရွေးကောက်ပွဲ အစောကြီး ကြိုခေါ်ခဲ့တာ ဖြစ်ပါတယ်။

မဲဆန္ဒနယ် တော်တော်များများမှာ ပါတီကြီး နှစ်ခုဟာ ထောက်ခံသူ အရေအတွက် နီးနီးကပ်ကပ် ရှိပြီး အခု ကနဉီး မဲစစ်တမ်းအပေါ် နိုင်ငံရေး ပါတီ အားလုံးက အပြည့်အ၀ ယုံကြည်မှု မရှိဘူးလို့ ထုတ်ဖော်ပြောခဲ့ကြပါတယ်။

ခုရွေးကောက်ပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲထက် မဲလာပေးသူများပြီး လူငယ်တွေ အများအပြား မဲလာပေးခဲ့ကြပါတယ်။

ကနဉီး မဲ စစ်တမ်းကောက်ယူချက်အရ ကွန်ဆာဗေးတစ်ပါတီက ၃၁၄ နေရာ၊ လေဘာပါတီက ၂၆၆ နေရာ၊ စကော့တလန် အမျိုးသားပါတီက ၃၄ နေရာ ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ၁၄ နေရာ အနိုင်ရမယ်လို့ မှန်းထားတာ ဖြစ်ပါတယ်။