တရားလွှတ်တော်ချုပ် တရားသူကြီး ၄ယောက် ခန့်ဖို့ရှိ

  • 9 ဇွန် 2017
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ပြည်သူ့လွှတ်တော် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး

နိုင်ငံတော်သမ္မတ ထပ်မံ ခန့်အပ်မဲ့ ပြည်တောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ၄ ဦးရဲ့ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့ခဲ့ပါတယ်။

လွှတ်တော်မှာ ကန့်ကွက်မဲ့သူ မရှိပါက တရား လွှတ်တော်ချုပ် တရားသူကြီးတွေ အဖြစ် ခန့်အပ်မှာ ဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တရား လွှတ်တော်ချုပ် တရားသူကြီး ၁၁ ဦးထိ နိုင်ငံတော်သမ္မတက ခန့်အပ်ခွင့်ရှိပေမဲ့ NLD အစိုးရ လက်ထက်မှာတော့ ၇ ယောက်သာ ခန့်အပ် ထားပါတယ်။

ခန့်အပ်ထားတဲ့ ၇ ယောက် အနက် တစ်ယောက် သေဆုံးသွားတဲ့ အတွက် လက်ရှိမှာ တရားလွှတ်တော်ချုပ်တရားသူကြီး ၆ ယောက်သာ ရှိပါတယ်။

ဒီလူတွေဟာ ဥပဒေပညာရှင်တွေဖြစ်သလို အတွေ့အကြုံလဲ များစွာရှိတဲ့အတွက် ရွေးရတာဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

နိုင်ငံတော် သမ္မတက အဆိုပြုလာ သူတွေကတော့ တရားလွှတ်တော်ရှေ့နေဖြစ်တဲ့ ဦးမြဟန်၊ ပြည်ထောင်စု တရား လွှတ်တော်ရုံးချုပ်ရဲ့ အငြိမ်းစား ညွန်ကြားရေးမှူးချုပ် ဦးမျိုးတင့် မန္တလေးတိုင်း ဒေသကြီး အငြိမ်းစား ဥပဒေအရာရှိ ဦးစိုးနိုင်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ကြည်တို့ ဖြစ်ပါတယ်။

သမ္မတက အမည်စာရင်းပေးပို့ လာတဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို ပြည်ထောင်စု လွှတ်တော် မှာ ကန့် ကွက်မဲ့သူမရှိပါက လာမဲ့ သီတင်းပတ်အတွင်းမှာ အတည်ပြု ခန့်အပ်သွားမှာဖြစ်ပါတယ်။