ယူကေ ရွေးကောက်ပွဲ ပြီးနောက် ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးစား နေရပြီ

  • 10 ဇွန် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ၀န်ကြီးချုပ် ထရီစာမေ

ဇွန်လ ဂ ရက် ဗြိတိန် ရွေးကောက်ပွဲ မှာ မထင်မှတ်တဲ့ မဲရလဒ် အဖြေတွေ ကြောင့် ဝန်ကြီးချုပ် ထရီစာမေ ဟာ သူမျှော်မှန်းသလို မနိုင်ပဲ ရှုံးနိမ့်သွားခဲ့ပါတယ်။

အစိုးရ အဖွဲ့ လိုအပ်တဲ့ အမတ်ဦးရေ ၃၂၆ နေရာ မရခဲ့တဲ့ အတွက် မြောက်အိုင်ယာလန် မှ ဒီမိုကရက် ညွန့်ပေါင်းပါတီ က အမတ် ဦးရေ ဆယ်ဦး နဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ရေး ညှိနှုင်းမှု ပြုနေရပါတယ်။

သူ့ အနေနဲ့ ဒီရွေးကောက်ပွဲ ကို မကျင်းပပဲ နေလို့ ရနိုင်ပေမဲ့ ဗြိတိန် နိုင်ငံ ကို သူပိုင်ပိုင်နိုင်နိုင် ဦးဆောင်ခွင့် ကို ပြည်သူတွေ က ဝိုင်းဝန်း ထောက်ခံကြတယ် ဆိုတာ ကို ပြချင်တာရယ်၊ ဥရောပ သမဂ္ဂ ကို ထွက်ခွာရေး အစီအစဉ်တွေ အကြား မှာ အသက်ရှူပေါက် ချောင်အောင် လုပ်ချင် ပေမဲ့ မှန်းချက် နဲ့ နှမ်းထွက် မကိုက်တဲ့ ပုံစံ ဖြစ်သွားရပါတယ်။

သူ့ဘက် က အင်အားပြည့် ခိုင်မာ တည်ငြိမ်တဲ့ အစိုးရ ကို ဦးဆောင်ပြမယ် လို့ ကြွေးကျော် ခဲ့တဲ့ ထရီစာမေဟာ မထင်တဲ့ ဇာတ်ကွက်ထဲ ဝင်သွားခဲ့ပါတယ်။

ဥရောပ သမဂ္ဂ ဘက်ကလည်း အခု ရွေးကောက်ပွဲ ရလဒ်ကြောင့် ဗြိတိသျှ အစိုးရ အနေနဲ့ ဥရောပ သမဂ္ဂ နဲ့ ဆွေးနွေး ညှိနှိုင်းမှု တွေ ပြုရာမှာ အရင်လို အထက်စီး နဲ့ ချဉ်းကပ် ဖို့ မလွယ်တော့တဲ့ အကြောင်း ဝေဖန်နေကြသလို ဗြိတိန် မဲဆန္ဒရှင် တွေ ကိုယ်တိုင် ထရီစာမေ ဦးဆောင်တဲ့ ကွန်ဆာ ဗေးတစ် ပါတီ အပေါ် ယုံကြည်မှု လျော့ပါးလာတာ ကို ပြနေပြီ လို ဥရောပ ခေါင်းဆောင်တချို့ က ပြောကြပါတယ်။

ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ ဘက်က စိတ်ပူနေတာကလည်း အင်အားချိနဲ့တဲ့ ဝန်ကြီးချုပ် နဲ့ နောက်ဆုံး သဘောတူညီမှု တွေ ရအောင် ဆွေးနွေးတဲ့ အခါမှာ အဖြေရဖို့ ခက်ခဲလာဘွယ် ရှိသလို ဥရောပ သမဂ္ဂ နိုင်ငံ တွေ အကြားမှာ စီးပွားရေး၊ နိုင်ငံရေး လူမှုရေး ပိုင်းတွေ မှာပါ သက်ရောက်မှု တွေ ရှိလာနိုင်ကြောင်း ဝေဖန်နေကြတဲ့ အကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ