ကျူးကျော်အိမ်ခြေ လေးထောင်လောက်ကို ဖယ်ရှား

  • 12 ဇွန် 2017
Image caption လှည်းကူးက ကျူးကျော်တွေကို ရန်ကုန်တိုင်း အစိုးရ အမိန့်နဲ့ ဖယ်ရှား

လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု ရန်ကုန်-နေပြည်တော် အမြန်လမ်းဘေး မှာ ရှိတဲ့ ကျူးကျော်အိမ်ခြေ (၄)ထောင်လောက်ကို အာဏာပိုင်တွေက စတင် ဖြိုဖျက်ခဲ့ပါတယ်။

စိမ်းလန်း၊ ဂန့်ဂေါ်ကျွန်း၊ အောင်ရတနာ၊ ရတနာအောင်နဲ့ အောင်သုခ စတဲ့ကျေးရွာတွေက ကျူးကျော်နေအိမ်တွေကို ရန်ကုန်တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ရဲအင်အား (၂၀ဝ) ကျော်လောက်အပါအဝင် လူအင်အား တထောင်ကျော်လောက်က ဖယ်ရှားနေတာ ဖြစ်ပါတယ်။

ဇွန်လ၁၂ရက် မနက် (၆)နာရီခွဲ ဝန်းကျင်လောက်ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၊ တုတ် ဓား လက်နက် တွေ ကိုင်ထားတဲ့ အရပ်ဝတ်လူတွေဟာ ကျူးကျော်နေအိမ်တွေကို စတင် ဖြိုဖျက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအနီးနားမှာ ကျူးကျော် မြေတွေ နေအိမ်တွေ စီးပွားဖြစ်ရောင်းစား ကြသူတွေရှိပြီး (၄၀) (၆၀) ခန့် မြေတကွက်ကို (၁၀)သိန်းဝန်းကျင်နဲ့ အကွက်ရိုက် ရောင်းစားသူတွေ ဆီကနေ ပြန်ဝယ်ကြသူတွေက အများစု ဖြစ်ပါတယ်။

အဖျက်ခံရတဲ့ နေအိမ်တွေ တော်တော်များမှာလည်း လူတွေ နေထိုင်ကြတာလည်း သိပ်မတွေ့ရဘူး။

အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်း ဒီလို ရဲအင်အား လူအင်အား အလုံးအရင်းသုံးပြီး ကျူးကျော်အိမ်တွေကို ဖြိုဖျက်တာဟာ ပထမဆုံးအကြိမ်လို့ ဆိုနိုင်ပါတယ်။

ကျူးကျော်နေသူတွေကတော့ သူတို့အိမ်တွေကို ဖျက်တဲ့သူတွေကို ငိုယိုပြီး အော်ဟစ်ဆဲဆိုတာ ရဲတွေကို လေးဂွနဲ့ လှမ်းပစ်လို့ အရပ်သားလူတွေနဲ့ လုံခြုံရေးရဲတွေကြား အချင်းများခဲ့ပြီး လူ(၅) ဦးကို ရဲတွေဘက်က ဖမ်းဆီးထိန်းသိမ်းတွေ ရှိခဲ့ပါတယ်။

တကယ်တော့ အမြန်လမ်းဘေး (၃) မိုင် (၄) ဖာလုံက ထောင်နဲ့ ချီတဲ့ ကျူးကျော်တဲတွေဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ဖြစ်ပြီဒ မြေဧက (၁၄၀ဝ) ကျော် အကျယ်အဝန်းမှာ ရှိတာ ဖြစ်ပါတယ်။

ဒီမြေနေရာပေါ်မှာ ရန်ကုန်မြို့အဝင် အထွက် ခေတ္တအနားယူတဲ့နေရာ အဖြစ် လူနေအိမ်၊ ကျောင်း ဆေးရုံ ဂေါက်ကွင်း အနားယူအပန်းဖြေစခန်း တွေ ဆောက်လုပ်မှာ ဖြစ်တဲ့အတွက် ကျူးကျော်တွေကို ဖြိုဖျက်ရတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းမြို့ပြနဲ့ အိမ်ယာဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

ဒီစီမံကိန်းကို ပြည်တွင်းကုမ္ပဏီ မဟာမိတ်ကြယ်စင် Alliance Star နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပူးပေါင်းအကောင်အထည်ဖော်မှာ ဖြစ်ပြီး ထောင်နဲ့ ချီတဲ့ ကျူးကျော်တဲတွေကို (၂)လစီမံကိန်းနဲ့ ဖြိုဖျက်သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ