သက်လူမျိုးတွေ တိုက်ခိုက်ခံခဲ့ရပြီး အခြေအနေ တင်းမာဆဲ

  • 14 ဇွန် 2017
ဓာတ်ပုံ မူပိုင် Nirinjara
Image caption ဘင်္ဂလားဒေ့ရှ် မှာ သက်လူမျိုးတွေရဲ့ နေအိမ် ဆိုင်ခန်းတွေ မီးရှိ့ ခံရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ Rangamati ခရိုင် မှာ နေတဲ့ ရခိုင် အနွယ် သက်လူမျိုးတွေနဲ့ မြေပြန့်က ဘင်္ဂါလီ အခြေချသူတွေကြား ဒီလဆန်းက အချင်းဖြစ်ပွားရာကနေ အိမ်တွေ မီးရှို့ခံရတာတွေ ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ တည်ထောင်ပြီး နောက်ပိုင်း အနှစ် ၄ဝ လောက် အတွင်း နိုင်ငံ အရှေ့ပိုင်းက တောတောင်ထူထပ်တဲ့ တောင်တွေမှာ အခြေချဖို့ ဘင်္ဂါလီ လူမျိုးတွေကို စေလွှတ်ခဲ့ပြီး နောက်ပိုင်း ဒေသခံ ချက္ကမာ ခေါ် သက်လူမျိုးတွေနဲ့ တင်းမာမှုတွေ တောက်လျှောက်ဆိုသလို ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းက ဆိုင်ကယ် မောင်းသမား ဘင်္ဂါလီ အမျိုးသား တယောက် သတ်ဖြတ်ခံ ခဲ့ရပါတယ်။

ဒီသေဆုံးမှုမှာ ဒေသခံ တွေရဲ့ လက်ချက်လို့ စွပ်စွဲပြီး ရွှေ့ပြောင်းလာသူတွေက ဇွန်လ ၂ ရက်နေ့မှာ သက်တွေရဲ့ အိမ်တွေကို မီးရှို့ရာက ဆူပူမှု ဖြစ်ခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ရဲက သူတို့ကို ကာကွယ်မှု မပေးခဲ့ဘူးလို့ သက်မျိုးနွယ်စုဝင် မီထွန်းချက္ကမာ က ဘီဘီစီကို ပြောပါတယ်။

အိမ် အလုံး ၂၂ဝ ကျော် မီးရှို့ခံရပြီး လူတွေ တောထဲ ထွက်ပြေးခဲ့ရသလို အသက် ၇ဝ ကျော် အမျိုးသမီးကြီး တယောက် အိမ်ထဲ ပိတ်မိပြီး မီးလောင် သေဆုံးကာ ဒဏ်ရာရသူတွေ ရှိတယ်။

ရွာသား ၃ ယောက်လည်း ညှဉ်းပန်း နှိပ်စက်ခံရတယ်လို့ သိရပါတယ်။

ဘင်္ဂါလီ ၁ဝ ယောက်လောက်ကို ဒီအမှုနဲ့ ထိန်းသိမ်းထားပေမယ့် ဒီလူတွေဟာ တကယ် ကျူးလွန်သူတွေ ဟုတ်မဟုတ် မပြောနိုင်ဘူးလို့လည်း Mr. Jummo က ဆိုပါတယ်။

လောလောဆယ်မှာ အခြေအနေ ပြန်ထိန်းနိုင်ပေမယ့် တင်းမာမှုတွေ ရှိနေဆဲလို့ သိရပါတယ်။

ဒီကိစ္စ သေချာ စုံစမ်း စစ်ဆေးဖို့ တိုင်းရင်းသား လူနည်းစု အမတ်တွေက တောင်းဆိုခဲ့သလို ကျန်းမာရေး ဝန်ကြီးနဲ့ ရဲ အရာရှိတွေကလည်း အခင်းဖြစ်ပွားရာကို သွားပြီး ကြည့်ရှုခဲ့ကြပါတယ်။

ဒေသခံတွေ ပြန်လည် ထူထောင်ရေး နဲ့ လက်သည်တွေ ဖော်ထုတ်ရေး ဘင်္ဂလားဒေ့ရှ် အစိုးရက တာဝန်ယူမယ်လို့လည်း ဆိုပါတယ်။

ဒီလွန်ဂူဒူး ဒေသဟာ စစ်တကောင်း တောင်ပေါ်မှာ ဘင်္ဂါလီ အခြေချသူတွေ အများဆုံး ရှိတဲ့ နယ်မြေ တခု ဖြစ်ပါတယ်။

ဒီကိစ္စတွေအတွက် ဒေသခံ သက်တွေက ဇွန်လ ၁၆ ရက်မှာ ဆန္ဒပြဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ