ရုရှားနဲ့ ပူးပေါင်းခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်ဟာ မုန်းတီးစက်ဆုပ်ဖွယ်ဘဲလို့ ရှေ့နေချုပ် ပြောကြား

  • 14 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဆီးနိတ် လွှတ်တော် စုံစမ်းရေး ကော်မတီ ကြားနာ စစ်ဆေး

ဝါရှင်တန် ဒီစီ က ဟိုတယ် တခု မှာ ရုရှ အစိုးရ အရာရှိတွေ နဲ့ လူမသိ သူမသိ လှို့ဝှက် စကားတွေ ပြောဆို တယ် ဆိုတဲ့ စွပ်စွဲချက် ဟာ မဟုတ်မမှန် တဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု ရဲ့ ရှေ့နေချုပ် Jeff Sessions က ကွန်ဂရက် လွှတ်တော် ကြားနာမှုမှာ ထွက်ဆို သွားခဲ့ပါတယ်။

မေဖလားဝါး ဟိုတယ် မှာ ဘယ် ရုရှ အစိုးရ အရာရှိ တွေ နဲ့မှ သီးသန့် တွေ့ဆုံတာ မရှိသလို ဘယ်လို စကားစမြည်မှ ပြောဆိုခဲ့တာလည်း မှတ်မိလောက်အောင် မရှိခဲ့ပါဘူး၊ အဲဒီ ပွဲမှာလည်း ဘယ် အစည်းအဝေး ကိုမှ မတက်ခဲ့ဘဲ သမ္မတထရမ့်ရဲ့ မဲဆွယ်ကာလ က နိုင်ငံခြားရေး ပေါ်လစီ နဲ့ ပတ်သက်လို့ မေဖလားဝါးဟိုတယ် မှာ မိန့်ခွန်းပြောကြား တုန်းက ရုရှ သံအမတ် နဲ့ ရုရှ အစိုးရ အရာရှိတွေ နဲ့ အပြန်အလှန် စကားပြောကြတာလည်း မရှိပါဘူး ၊ ရုရှ သံအမတ် ကိုတော့ နှစ်ခါလောက် တွေ့ဖူးပါတယ်လို့ မစ္စတာ ဆက်ရှင်းစ်က သွားပါတယ်။

ဒါကြောင့်မို့ သူ့အပေါ်မှာ ရုရှတွေ နဲ့ ပူးပေါင်းကြံစည်မှု ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် စက်ဆုပ်ဖွယ်ရာ စကားတွေ လို့ ဆီးနီတ် စုံစမ်းရေး ကော်မတီ ရှေ့မှောက် သက်သေ ထွက်ဆိုခဲ့ပါတယ်။

မစ္စတာ ဆက်ရှင် ဟာဆိုရင် သမ္မတ ရဲ့ ကက်ဘိနက် အဖွဲ့ထဲမှာ ပါဝင်သလို ပြီးခဲ့တဲ့ နှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလ က မစ္စတာထရမ့် ရဲ့ အကြံပေး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဒါကြောင့်မို့ မစ္စတာထရမ့် သမ္မတရွေးကောက်ပွဲ မှာ အနိုင်ရအောင် ရုရှ တို့ ပါဝင် ပတ်သက်မှု ရှိခဲ့တယ် ဆိုတဲ့စွပ်စွဲချက် ကို ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

နောက်တချက် အနေနဲ့ လည်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ဂျိမ်းစ်ကိုမီ ရာထူး မှ ဖြုတ်ခံရခြင်း ဟာ အထက်ပါ ရုရှ နဲ့ ဆက်နွယ်မှုရှိခဲ့တယ် ဆိုတာ ကို လိုက်လံ ဖေါ်ထုတ်ခြင်း မပြုဖို့ မစ္စတာ ထရမ့် ကသတိပေးရာကနေ ဆက်စပ်မှု ရှိခဲ့သလား၊ မစ္စတာ ဆက်ရှင် အနေနဲ့ ရော ထောက်ခံအားပေးမှု ပြုခဲ့သလားဆိုတဲ့ မေးခွန်းကို ဆီးနိတ်စုံစမ်းရေး ကော်မတီ ရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ် ဒီမိုကရက်ပါတီ မှ ဆီးနိတ် အမတ် မာခ့်ဝါနာ က မေးရာမှာလည်း သူဟာ မစ္စတာ ကိုမီ ကို တခါမှ စကားမပြောခဲ့ဖူးကြောင်း အစစ်ခံသွားပါတယ်။

ဒါပေမဲ့ မစ္စတာ ဆက်ရှင် ဟာ ဟာ သူ့လက်ထောက် ဖြစ်တဲ့ လက်ထောက်ရှေ့နေချုပ် ရို့စ်ဇင်တိုင် နဲ့ တိုင်ပင်ပြီး အက်ဖ်ဘီအိုင် မှာ ပြဿနာတွေ ရှိနေပြီ ဖြစ်လို့ လူသစ်တွေ နဲ့ ပြန်လည်ဖွဲ့ရင် ပိုကောင်းမဲ့ အကြောင်း သမ္မတ ထရမ့် ကိုအကြံပြု အသိပေး တာကိုတော့ ဝန်ခံပါတယ်။

ဒီမိုကရက် ဆီးနိတ် အမတ်တွေကတော့ ရှေ့နေချုပ် မစ္စတာ ဆက်ရှင် ရဲ့ ထွက်ဆိုချက်တွေ ဟာ စိတ်ပျက်စရာ ကောင်းတယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ