တက္ကသိုလ် ဆရာများအသင်း နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး

  • 16 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၅ တုန်းက ဆန္ဒပြ ကျောင်းသားတွေနဲ့ လုံခြုံရေး အဖွဲ့တွေ ထိပ်တိုက်တွေ့ကြစဉ်

တက္ကသိုလ် ဆရာ၊ဆရာမများအသင်း University Teachers´ association ရဲ့ ပထမဦးဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးကို ရန်ကုန် တက္ကသိုလ်နယ်မြေထဲက တက္ကသိုလ်များ ဓမ္မာရုံမှာ (၂)ရက်ကြာ ပြုလုပ်နေပါတယ်။

အဲဒီ အစည်းအဝေးမှာ တချို့ ဆရာ ဆရာမတွေ နေစရာ အိမ်ခန်းမရတဲ့ အကြောင်းတွေ ၊ ရာထူးတိုးတဲ့ အခါမှာလည်း ထိုက်သင့်တဲ့ မူဝါဒ ရှိသင့်တယ် ဆိုတာနဲ့ ကျောင်းပိတ်ရက်တွေမှာ စာမေးပွဲ စောင့်ခိုင်းပေမယ့် နားရက်အစား ပြန်မရတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် တက္ကသိုလ် တခုနဲ့ တခု တူညီအောင် ဘယ်လို ညှိမလဲ ဆိုတာနဲ့ ဥပဒေ ပြုရေးမှာ ဆရာ ဆရာမတွေရဲ့ အကြံပြုချက်တွေ ရယူပေးဖို့တွေ ပြောဆိုခဲ့ကြပါတယ်။

နက်ဖြန် ဇွန်လ ၁၇ ရက်နေ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေ လာရောက်ဖို့ ရှိပြီး ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဌလည်း တက်ရောက်မယ်လို့ သိရပါတယ်။

အဲဒီအခါ ဆရာ ဆရာမများ အခွင့်အရေးတွေ တောင်းဆိုဖို့ မညှီမျှမှုတွေကို ထိန်းညှိပေးဖို့ကိုလည်း တောင်းဆိုမယ်လို့ သတင်းရရှိပါတယ်။

ရှေ့ဆက်ပြီး ပညာရေး ကဏ္ဍမှာ သုတေသန ပြုဖို့ ကိစ္စတွေ ဒါ့အပြင် အဖွဲ့အစည်း တခုလုံးရဲ့ လုပ်နိုင်စွမ်းရည်တွေ ဘယ်လို မြှင့်တင်မလဲ ဆိုတာကို ဆက်လက် ဆွေးနွေးသွားဖို့ ရှိပါတယ်။

ဆရာ ဆရာမ တွေရဲ့ လစာ ပြုပြင်ပြောင်းလဲရေး ၊ ပင်စင် ခံစားခွင့်နဲ့ နေထိုင်ခွင့်တွေ အပြင် ပင်စင်ယူပြီးနောက် နေထိုင်စရာ မရှိတဲ့ ဒုက္ခက ကင်းဝေးအောင် ခုထဲက လူမှုဖူလုံရေး စံနစ်တခု ထားရှိပြီး လတိုင်း အရစ်ကျ ငွေသွင်းကာ စီစဉ်ပေးဖို့ကိုလည်း ညှိနှိုင်းပြောဆို သွားဖို့ ရှိတယ်လို့ ဒဂုံတက္ကသိုလ် ဆရာ ဆရာမများအဖွဲ့ ဥက္ကဌ ဒေါက်တာ အာကာမိုးသူက ပြောပါတယ်။

ဒီအစည်းအဝေးမှာ ပြည်ပ ပညာရှင်တွေကို ဖိတ်ခေါ်ထားပြီး ဖက်ဒရယ် ပညာရေး နဲ့ ပတ်သက်လို့လည်း ဆွေးနွေးသွားဖို့ ရှိကြောင်း သိရပါတယ်။

ဒီအစည်းအဝေးမှာ နိုင်ငံတဝန်းက တက္ကသိုလ် ၃၈ ခု ဆရာဆရာမများ ၇၀ လောက်တက်ရောက်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ