လန်ဒန်မီးလောင်မှုကြောင့် ၅၈ ဦး သေဆုံးပြီလို့ ယူဆရကြောင်း ရဲက ပြော

  • 17 ဇွန် 2017
Image caption ရှာဖွေမှုတွေကို ပြန်လုပ်နေတယ် မစ္စတာ ကန်ဒီက ပြော

ယူကေနိုင်ငံ လန်ဒန်မြို့က ဂရန်းဖဲတာဝါရဲ့ တိုက်ခန်းတွေ မီးလောင်မှုမှာ သေဆုံးကြောင်း အတည်ပြုထားသူ အယောက် ၃၀ ရှိပြီး နောက်ထပ် ပျောက်ဆုံးသူ ၂၈ ယောက်ကိုလည်း သေဆုံးပြီလို့ ယူဆထားတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၅၈ ယောက် ရှိနိုင်ကြောင်း လန်ဒန်ရဲတွေက ပြောပါတယ်။

ဒီမီးလောင်မှုကြောင့် သေဆုံးသူ အရေအတွက် တက်လာနိုင်ချေရှိသလို ပျောက်ဆုံးနေသူတွေကို ရှာတွေ့ဖို့ နောက်ထပ် ရက်သတ္တပတ် များစွာ ကြာမြင့်နိုင်တယ်လို့လည်း လန်ဒန်ရဲဋ္ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ စတူးဝပ် ကန်ဒီက စာနယ်ဇင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘီဘီစီ သတင်းဋ္ဌာနရဲ့ ရရှိထားတဲ့သတင်းတွေအရတော့ ဒီမီးလောင်မှုအတွင်း ပျောက်ဆုံးသူ အရေအတွက် ၇၀ ကျော် ရှိတယ်လို့ ယူဆထား

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာ မီးလောင် အဆောက်အဦးရဲ့ ခိုင်ခံ့မှုကို စိုးရိမ်တဲ့အတွက် ရှာဖွေမှုတွေကို ရပ်တံ့ထားပေမယ့် ရှာဖွေမှုတွေကို ပြန်လုပ်နေတယ် မစ္စတာ ကန်ဒီက ပြောပါတယ်။

ရှာဖွေ ကယ်ဆယ်ရေး လုပ်တဲ့အချိန်မှာ အဆောက်အဦးအတွင်းကို ရိုက်ယူထားတဲ့ ဓါတ်ပုံတွေနဲ့ ရုပ်သံဖိုင်တွေကိုလည်း ဇွန်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ သူက ပြောပါတယ်။

ဘီဘီစီ သတင်းဋ္ဌာနရဲ့ ရရှိထားတဲ့သတင်းတွေအရတော့ ဒီမီးလောင်မှုအတွင်း ပျောက်ဆုံးသူ အရေအတွက် ၇၀ ကျော် ရှိတယ်လို့ ယူဆထားပါတယ်။

အခုလို မီးလောင်မှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး လူထုရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ ယူကေ ဝန်ကြီးချုပ် ထရီစာမေကလည်း သူ့ရဲ့ ဒေါင်းနင်းလမ်းက အိမ်တော်မှာ မီးဘေးသင့်သူတွေ အပါအဝင် မီးဘေးသင့်တဲ့ အဆောက်အအုံရှိတဲ့ ရပ်ကွက်က ရပ်မိရပ်ဖတွေနဲ့ ၂ နာရီခွဲကြာ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကေ ဝန်ကြီးချုပ် ထရီစာမေကလည်း သူ့ရဲ့ ဒေါင်းနင်းလမ်းက အိမ်တော်မှာ မီးဘေးသင့်သူတွေ အပါအဝင် မီးဘေးသင့်တဲ့ အဆောက်အအုံရှိတဲ့ ရပ်ကွက်က ရပ်မိရပ်ဖတွေနဲ့ ၂ နာရီခွဲကြာ တွေ့ဆုံခဲ့

အခုလို ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့ အချိန်မှာ ဘာတွေ တောင်းဆိုခဲ့သလဲ ဆိုတာကိုတော့ သူတို့ရဲ့ ရပ်ကွက်ကို ရောက်မှ ထုတ်ပြန်မယ်လို့ တွေ့ဆုံခဲ့တဲ့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သောကြာနဲ့ စနေ ဆက်တိုက် အစိုးရကို ဆန္ဒပြပွဲတွေ ရှိခဲ့

ယူကေ ဘုရင်မကြီး အဲလိဇဘက်ကလည်း ဆက်တိုက် ဆိုသလို ဖြစ်ခဲ့တဲ့ မန်ချက်စတာနဲ့ လန်ဒန် အကြမ်းဖက်မှုအပါအဝင် ဂရန်းဖဲ တာဝါ မီးလောင်မှုလို ကြေကွဲစရာ ဖြစ်ရပ်တွေကို ယူကေ လူထုက ကြံ့ကြံ့ခံနိုင်ပေမယ့် စိတ်ညှိုးနွမ်းမှုကိုတော့ မလွန်မြောက်နိုင်ပဲ ဖြစ်နေရတယ်လို့ သူ့ရဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ အမှာစကားမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

လန်ဒန်မြို့လယ်က ဝှိုက်ဟော ခန်းမေ ရှေ့မှာတော့ မြောက်အိုင်ယာလန်က ဒီမိုကရက်တစ် ပေါင်းစည်းရေး ပါတီ ဒီယူပီနဲ့ ပူးပေါင်းမယ့် ထရီစာမေ ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုလို မီးလောင်မှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ပုံကို လူထုက ဝေဖန်မှုတွေ ပြုလုပ်ခဲ့သလို ယူကေ ဝန်ကြီးချုပ် ထရီစာမေ နုတ်ထွက်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။