ကရင် ဒုက္ခသည်တွေနဲ့ နေရပ် စွန့်ခွာသူတွေ လျစ်လျူရှုခံနေရ

  • 17 ဇွန် 2017
ဓာတ်ပုံ မူပိုင် Karen Share Facebook
Image caption ကရင်ဒုက္ခသည်ကော်မတီ ဘဏ္ဍာရေး တာဝန်ခံ နော် ဘလွန်းမင်းနိုက် ဇန်

မြန်မာနိုင်ငံမှာ ကရင် ဒုက္ခသည်တွေနဲ့ ပြည်တွင်းနေရပ် စွန့်ခွာသူတွေရဲ့ အခက်အခဲ စိုးရိမ်မှုတွေကို လျစ်လျူရှုခံနေရပြီး ကရင် ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေ၊ အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ တောင်းဆိုမှုတွေကို အလေးထား ဆောင်ရွက်ပေးဖို့ ကရင်ငြိမ်းချမ်းရေး ကွန်ရက် က ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လာမယ့် ဇွန်လ ၂၀ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များနေ့ကို ကြိုဆိုတဲ့အနေနဲ့ ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အခုလို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ ပြည်တွင်းစစ် ဖြစ်တာ နှစ်သုံးဆယ် ရှိနေပြီး အခုအခါ ပစ်ခတ်မှု ရပ်သွားပြီ ဆိုပေမယ့် ကိုယ့်ဒေသတွေကို သွားပြန်ကြည့်တဲ့ အခါ မြန်မာ စစ်တပ်က ဆက်ရှိနေပြီး မြေမြုပ်မိုင်း အန္တရယ်ကလည်း ရှိနေသလို ဘယ်မှာ နေရမှန်းလည်း မသိတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ ကရင်ဒုက္ခသည်ကော်မတီ ဘဏ္ဍာရေး တာဝန်ခံ နော် ဘလွန်းမင်းနိုက် ဇန် က ပြောပါတယ်။

ဒုက္ခသည် စခန်းတွေမှာ ငွေကြေး ထောက်ပံ့မှုတွေကို ဖြတ်တောက် လျှော့ချလိုက်ပြီး အိသုထ စခန်းမှာ ဆိုရင် လာမယ့် စက်တင်ဘာလ က စပြီး ထောက်ပံ့မှုတွေ ရပ်တော့မယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း ဒုက္ခသည်တွေ နေရာချထားရေး ကို ဘယ်ဆွေးနွေးပွဲတွေမှာမှ ဆွေးနွေးကြတာ မရှိသလို အောက်ခြေပိုင်းမှာ အဆင်မပြေ တဲ့အပြင် ပဋိပက္ခ ဖြစ်တဲ့နေရာတွေမှာ ရှုတ်ထွေးမှုတွေ ရှိနေတာကြောင့် ဒုက္ခသည်တွေမှာ နေရပ် မပြန်နိုင် ဖြစ်နေရတယ်လို့ ဆိုပါတယ်။

အဲဒီလို အနေအထားမှာ လက်တွေ့ကျတဲ့ ပြင်ဆင်မှု ဒုက္ခသည်တွေကို နေရာချထားပေးမှုတွေ မရှိဘဲ သူတို့အပေါ် အတင်းတိုက်တွန်း ဖိအားပေး ပြန်ခိုင်းတာမျိုးတွေ မလုပ်သင့်ဘူးလို့ နော် ဘလွန်းမင်း နိုက်ဇန်က ဆိုပါတယ်။

ဒီပြဿနာ အရေးကို ဖြေရှင်းရအောင် ဒုက္ခသည် ကိုယ်စားလှယ်တွေ ၊ အစိုးရဖက်က ကိုယ်စားလှယ်တွေနဲ့ လူထုကပါ ပါ၀င် ဆွေးနွေး တိုင်ပင် ညှိနှိုင်း အဖြေရှာဖို့ လိုတယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ