UNFC ညီလာခံ ချင်းမိုင်မှာ စတင် ကျင်းပနေ

  • 21 ဇွန် 2017
ဓာတ်ပုံ မူပိုင် UNFC
Image caption UNFC ရဲ့ ဒုတိယ ဥက္ကဌ နိုင်ဟံသာ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရက်ကောင်စီ UNFC အဖွဲ့ရဲ့ ညီလာခံ ထိုင်း နိုင်ငံ ချင်းမိုင်မှာ ဇွန်လ ၂၀ ရက်က စပြီး ကျင်းပနေပါတယ်။

ပထမနေ့ အစည်းအဝေးမှာ ပြီးခဲ့တဲ နှစ်နှစ်အတွင်း လုပ်ဆောင်ခဲ့တာတွေ တင်ပြ ပြောဆို ခဲ့ကြပြီး လာမယ့် ရက်တွေမှာတော့ ရှေ့ဆက်လို့ တိုင်းရင်းသား အင်အားစုတွေ ဘယ်လို လက်တွဲ ကြမလဲ ဆိုတာကို နည်းလမ်းရှာ ဆွေးနွေး သွားဖို့ ရှိတယ်လို့ UNFC ရဲ့ ဒုတိယ ဥက္ကဌ နိုင်ဟံသာ က ပြောပါတယ်။

ရှေ့လာမယ့် သက်တမ်းမှာ တာ၀န်ယူကြမယ့် ဗဟို အလုပ်အမှုဆောင် ကော်မတီ၀င်တွေကို ရွေးချယ်သွားဖို့လည်း ရှိတယ်လို့ သူက ဆိုပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ထိုက်သင့်သလောက် တိုးတက်မှု ရှိခဲ့ပြီး ရည်ရွယ်သလောက်တော့ အောင်မြင်မှု မရသေးဘူးလို့ သူက ထောက်ပြပါတယ်။

အသင်းကြီး အနေနဲ့ အဖွဲ့၀င် အားလုံး တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ကို လက်မှတ်ထိုးကြပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အတူပါ၀င် နိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ညှိနှိုင်းတဲ့ နေရာမှာ အမြင်မတူတာတွေ ရှိနေသေးတဲ့ အတွက် အဆင်မပြေတာ ညှိမရသေးတာတွေ ရှိသေးတယ်လို့ သူက ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရက်ကောင်စီ UNFC အဖွဲ့ရဲ့ ဥက္ကဌ နေရာမှာ လက်ရှိ တာဝန်ယူနေတဲ့ ဗိုလ်မှူးကြီး အင်ဘန်လ နေရာမှာ အစားထိုး ပြောင်းလဲဖို့ ရှိပြီး ရှေ့ဆက် အဖွဲ့ထဲမှာ ကေအိုင်အို ဆိုတဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ပါမပါ ဆိုတာတော့ လာမယ့် ရက်ပိုင်းတွေ အတွင်း ဆွေးနွေးမှုတွေ အပေါ်မှာ စောင့်ကြည့်ရဉီးမယ်လို့ သူက ဆိုပါတယ်။

တကယ်လို့ ကေအိုင်အို ထွက်ရင်တော့ ရှိတဲ့ အင်အားနဲ့ ဆက်သွားမှာ ဖြစ်ပြီး ကေအိုင်အို ဖက်ကလဲ ယူအန်အက်ဖ်စီ အဖွဲ့ကြီးကို လုံး၀ အဆက်ဖြတ်တာမျိုး လုပ်မှာ မဟုတ်ဘဲ ဆက်စပ်နိုင်တဲ့ ပုံစံမျိုးနဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ UNFC ရဲ့ အထွေထွေ အတွင်းရေးမှုး နိုင်ဟံသာ က ပြောပါတယ်။

လက်ရှိမှာ တိုင်းရင်းသား ပါတီတွေကော အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကော မထိုးရသေးတဲ့ အဖွဲ့တွေ အားလုံးဟာ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိဖို့ အပြင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဉီးတည်နေကြပြီး လက်တွဲနိုင်တဲ့ အပိုင်းမှာ လက်တွဲမယ် ၊ တွဲမရရင် ဟန်ချက် ညီညီ သူ့အပိုင်း ကိုယ့်အပိုင်း ကိုယ်လုပ်ကာ ညှိနှိုင်း တိုင်ပင် လုပ်ဆောင်သွားကြမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဖွဲ့ကြီး အတွက် စိန်ခေါ်မှု ဆိုတာကတော့ မတူညီတဲ့ ဘ၀ အခြေအနေတွေမှာ အခိုင်အမာကြီး တခုတည်း ဖြစ်အောင် စုစည်းဖို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ