အကြမ်းဖက် သင်တန်းတစ်ခု ရခိုင်ပြည်နယ်ထဲ ရှင်းလင်း နိုင်ခဲ့

  • 21 ဇွန် 2017
ဓာတ်ပုံ မူပိုင် STATE COUNSELLOR OFFICE
Image caption အကြမ်းဖက် သင်တန်းစခန်း တွေ့ရှိ

မေယု တောင်ကြောပေါ်က အကြမ်းဖက် သင်တန်း စခန်းကို တွေ့ရှိ ရှင်းလင်း ခဲ့တယ် ဆိုတဲ့ ရခိုင်ပြည်နယ် လုံခြုံရေး အခြေအနေ အပါအဝင်၊ မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အကြောင်း ထုတ်ပြန်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်လည်း သမ္မတ အိမ်တော်မှာ ဇွန်လ ၂၁ ရက် နေ့က ပြုလုပ် ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မေယု တောင်တန်းပေါ်မှာ အကြမ်းဖက် သင်တန်း ပေးနေတဲ့ နေရာ ကို တွေ့ရှိ ရှင်းလင်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်-မောင်တော ဒေသ မေယု တောင်ကြော တစ်နေရာမှာ လှိုင်ခေါင်း တစ်ခု အပါအဝင်၊ လူနေ တဲနဲ့ ဂိုဒေါင်တွေ၊ လက်နက် တချို့နဲ့ သိုလှောင် ထားတဲ့ စားနပ် ရိက္ခာတွေ တွေ့ရှိ ခဲ့ရတာ ဖြစ်ပါတယ်။

ဓားကိုင်ဆောင်ပြီး ရန်ပြု လာသူ တစ်ယောက်ကိုလည်း အသေ ဖမ်းဆီး မိခဲ့တယ်လို့ လည်း ပြောပါတယ်။

တွေ့ရှိရတဲ့ လက်နက်တွေ ဆိုပြီး အစိုးရက ထုတ်ပြန်ရာမှာတော့ လုပ် သေနတ် ၂ လက်နဲ့ ကိုးမမ ကျည်တစ်တောင့်၊ ယမ်းပျော့ ၅ဝ သား၊ ယမ်းမှုန့် အနက် တစ်ပိဿာ စသဖြင့် ဖော်ပြ ထားပါတယ်။

မျက်နှာဖုံး ခေါင်းစွပ် အနက် အခု ၂ဝနဲ့ လေ့ကျင့်တဲ့ သစ်သား သေနတ်တွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင် ကျေးရွာတွေက သူတွေကို မေယု တောင်ကြောပေါ် ခေါ်ယူပြီး သင်တန်းတွေ ပေးနေတယ် ဆိုတဲ့ သတင်းတွေ ရရှိတဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွားရောက် ရှင်းလင်း ခဲ့တာ ဖြစ်တယ် ဆိုပြီး အစိုးရ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

တခါ၊ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် NCA ထဲ မပါဝင် သေးတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နဲ့ ပတ်သက်ပြီးတော့လည်း အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

UNFC ရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြုလုပ် နေတာမှာ အဲဒီ ညီလာခံ ကနေ UNFC အဖွဲ့ဝင်သစ်တွေ လက်ခံ လာလိမ့်မယ် ဆိုတဲ့ သတင်းတွေ ရှိနေပါတယ်။

အစိုးရ အနေနဲ့ အဲဒီလို နောက်တိုး အဖွဲ့ဝင်သစ်တွေနဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဆွေးနွေး နိုင်မှာ မဟုတ်ကြောင်း အစိုးရဘက်က အသိ ပေးထားတယ်လို့ ဆိုပါတယ်။