NLD ခေတ် နိုင်ကျဉ်း ၄၀ ကျော်ရှိပြီး အမှု ရင်ဆိုင်နေရသူ ရာချီ

  • 21 ဇွန် 2017
Image caption အစိုးရသစ် လက်ထက် နိုင်ငံရေး အကျဉ်းသား တယောက်မကျန် လွှတ်ပေးဖို့ ရှိမရှိ

လက်ရှိအစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား နဲ့ နိုင်ငံရေး ပြစ်မှု ဆိုတဲ့ အဓိပ္ပာယ်တွေကို လက်တလော ဖွင့်ဆိုဖို့ မရှိသေးဘူးလို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က အမျိုးသား လွှတ်တော်မှာ လာရောက် ရှင်းပြသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး အကျဉ်းသား တယောက်မကျန် လွှတ်ပေးဖို့ ရှိမရှိ အမေးကို ဒုဝန်ကြီးက အခုလို လာရောက် ရှင်းပြသွားတာ ဖြစ်ပါတယ်။

ပြည်သူလွှတ်တော်မှာလည်း NLD အမတ် ဒေါက်တာ ဒေါ် မေဝင်းမြင့်က နိုင်ငံရေး အကျဉ်းသား ဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

အရင်သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ အတွက် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ နိုင်ငံရေး အကျဉ်းသား ကော်မတီ ဖွဲ့ပြီး လွှတ်ပေးဖို့ လုပ်ခဲ့တာတွေ ရှိခဲ့ဖူးတယ်လို့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီ က တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

နိုင်ငံရေးနဲ့ အကျဉ်းကျသူတွေကို နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ခဲ့သလို နိုင်ငံရေးနဲ့ ပတ်သက်ဆက်စပ်ပြီး အကျဉ်းကျသူတွေကို လွှတ်ပေးခဲ့တာတွေ ရှိတာကြောင့် အစိုးရသစ်ကို အာဏာ မလွှဲခင်မှာ နိုင်ငံရေး အကျဉ်းသား သုံးဆယ်လောက်သာ ထောင်ထဲ ကျန်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အဲဒီ လူတွေကို ပြန်စီစစ် လွှတ်ပေးရင်း အဆုံးမှာ ၁၉ ယောက်သာ ကျန်တဲ့ အခြေအနေအထိ ဖြစ်ခဲ့ဖူးပါတယ်။

အဲဒီ နိုင်ငံရေး အကျဉ်းသား ကော်မတီကို သမ္မတ ဟောင်း ဦးသိန်းစိန်က ရာထူးက မဆင်းခင်မှာ ဖျက်သိမ်းခဲ့ပြီး အခု NLD အစိုးရ လက်ထက်မှာ ဒါတွေကို ဆက်လုပ်တာတွေလည်း မရှိတော့ဘူးလို့ သူက ဆိုပါတယ်။

လက်ရှိ အစိုးရ လက်ထက်မှာ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး အယောက် လေးဆယ်လောက် ရှိနိုင်ပြီး အမှုရင်ဆိုင်နေရသူပေါင်း နှစ်ရာကျော်တယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ