မြန်မာ အမျိုးသမီး ငါးဆယ်ရာနှုန်း အလုပ်ထဲမရောက်

  • 22 ဇွန် 2017
Image caption စီးပွားရေးမှာ အရေးပါတဲ့ နေရာက ပါ၀င်နေတဲ့ မြန်မာ အမျိုးသမီးများ

အလုပ်သမား အင်အားနဲ့ ပတ်သက်လို့ အမျိုးသမီးတွေ အလုပ်တွေထဲ ဝင်လုပ်နိုင်မှု၊ လူငယ်တွေ နဲ့ အလုပ်အခြေအနေ စတာတွေကို ၂၀၁၄ တုန်းက ကောက်ခံခဲ့တဲ့မြန်မာ့ သန်းခေါင်စာရင်း အပေါ် အခြေခံပြီး ထုတ်ထားတဲ့ UNFPA ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ရဲ့ အစီရင်ခံစာတွေ ထွက်လာပါပြီ။

၂၀၁၄ သန်းခေါင် စာရင်း ထဲက ထုတ်နှုတ် သုံးသပ်ထားတဲ့ အဲဒီအစီရင်ခံစာ အရ မြန်မာနိုင်ငံရဲ့အမျိုးသမီး လူဦးရေ ၅၀ ဒသမ ၅ ရာခိုင်နှုန်း ဟာ လုပ်ငန်းခွင်တွေထဲကို ရောက်မလာသေးဘဲ တကယ်လို့ သူတို့အင်အားတွေ တိုးပြီး ရောက်လာမယ် ဆိုရင် မြန်မာ့စီးပွား ပိုတိုးတက်လာမယ်လို့ စီးပွားရေး ပညာရှင် တချို့က ပြောပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းကျော်လောက်သာ လုပ်ငန်းတွေ လုပ်နေကြပြီးတော့ ကမ္ဘောဒီးယား ဆိုရင် ၈၁ ရာနှုန်းနီးပါး၊ လာအိုဆိုရင် ၇၇ ရာခိုင်နှုန်းကျော် စသဖြင့် ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေသာ ပိုဖန်တီးပေးနိုင်ရင် အမျိုးသမီးတွေ အလုပ်ရတဲ့ အရေအတွက် ပမာဏ တိုးတက်လာမှာ ဖြစ်သလို ဒီလိုအမျိုးသမီးတွေ အလုပ်လုပ်နိုင်ဖို့ အတွက် အမျိုးသမီးတွေအနေနဲ့ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ မြေရရှိနိုင်မှု၊ ချေးငွေ ရရှိနိုင်မှု၊ စတာတွေမှာလည်း ယောက်ကျားတွေနဲ့တန်းတူ ဖြစ်လာဖို့ ၊ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာလည်း တန်းတူ ဖြစ်ဖို့ လိုအပ်တယ် လို့ သန်းခေါင်စာရင်း ကောက်ရာမှာ ပါဝင်ခဲ့တဲ့ UNFPA ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ က မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် ဂျက်နက် ဂျက်ဆန် က ဆိုပါတယ်။

ဒီလို အမျိုးသမီးတွေ တဝက်လောက် လုပ်ငန်းခွင်ထဲမရောက်ဘူးဆိုတဲ့ အရေးနဲ့ ပတ်သက်လို့ ကောက်ယူ တဲ့ စာရင်းကို နည်းနည်း သံသယ ရှိပြီး မြန်မာပြည်မှာ ရာသီအလိုက် အလုပ်လုပ် လုပ်နေကြတဲ့ အမျိုးသမီးတွေလည်း ရှိတယ်လို့ စီးပွားရေး ပညာရှင် တယောက် ဖြစ်တဲ့ ဦးခင်မောင်ညို ဘောဂဗေဒ က ပြော ပါတယ်။

အစီရင်ခံစာမှာ အသက် ၁၅ နှစ်နဲ့ ၂၄ နှစ် ကြား လူငယ်တွေ ကြားမှာလည်း ၂၅ ရာခိုင်နှုန်းကျော်ကျော်လောက် က ပညာရေး လုပ်နေတာပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတာပဲဖြစ်ဖြစ်၊ သင်တန်းတခု တက်နေတာပဲဖြစ်ဖြစ် တခုခုမှာ ရှိမနေကြဘူးလို့ ဖော်ပြထားပါတယ်။

၁၀ တန်းကို အပြင်က ဆက်ဖြေနေတဲ့သူတွေ ကို ပညာရေးလုပ်နေတဲ့အထဲ ထည့်မထည့် ဦးခင်မောင်ညို က သံသယ ရှိတယ် ဆိုပေမယ့် မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာတွေသင်ပေးမယ့် နေရာတွေ လိုနေတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ မှာ အလုပ်တွေ များလာဖို့၊ အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ပိုပိုရောက်လာဖို့၊ လူငယ်ဘ၀ ကို အကျိုးရှိရှိဖြတ်သန်းနိုင်ဖို့တွေအတွက် အစီအစဉ် တွေတော့ အများကြီး လိုနေတယ်လို့ စီးပွားရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ