ဖော်မလင် ပါတဲ့ ပဲပြား စျေးကွက်ထဲမှာ စစ်ဆေးတွေ့ရှိ

  • 24 ဇွန် 2017
ဓာတ်ပုံ မူပိုင် Ye Lwin Linn
Image caption ဖော်မလင်တွေ့တဲ့ ပဲပြားစက်ရုံတွေကို ပိတ်သိမ်း

မန္တလေး က စျေးတွေမှာ ရောင်းနေတဲ့ ပဲပြားတွေမှာ ခွင့်မပြု ဓါတုဆေး တမျိုးဖြစ်တဲ့ ဖော်မလင် သုံးထားတာ တွေ့ရလို့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေပါပြီ။

ရောင်းချနေတဲ့ တံဆိပ် ခုနှစ်မျိုးထဲက လေးမျိုးဖြစ်တဲ့ ပဲပြားတုံးပေါ်မှာ A ၊ D ၊ Y ၊ 7 ၊ တံဆိပ်တွေ ထုထားတဲ့ ပဲပြားတွေမှာ ဖော်မလင်ကို တွေ့ရပြီး ကျန်တဲ့ တံဆိပ်တွေ ဖြစ်တဲ့ I ၊ K စတဲ့ တံဆိပ်တွေမှာတော့ ဖော်မလင် မတွေ့ရဘူးလို့ မန္တလေးတိုင်း အစားအစာနဲ့ ဆေးဝါးကွပ်ကဲမှုကြီးကြပ်ညွှန်ကြားရေး ဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော် က ပြောပါတယ်။

ဖော်မလင် ဆိုတဲ့ ဓါတုဆေးဟာ စားမိရင် အော့အန် မူးဝေ နဲ့ နောက်ဆုံး သေတဲ့ အထိ ဖြစ်စေနိုင်ပြီး ရေရှည် စားသုံးသူတွေမှာ အသည်းနဲ့ ပတ်သက်တာ ၊ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေ ခံစားရနိုင်တယ်လို့ ဒေါက်တာ ကျော်ကျော်က ရှင်းပြပါတယ်။

အမျိုးသား စားသောက်မှု ဥပဒေ ကို လွှတ်တော်ကို တင် အတည်ပြု ဖို့ ရှိနေပြီး နိုင်ငံတကာနဲ့ တပြေးညီ ဖြစ်အောင် လုပ်သွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ထုတ်လုပ်သူတွေကို နည်းပညာ ပံ့ပိုးမှုတွေကို ပေးသလို ကြီးကြပ်သူတွေ ဖက်ကလည်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်ကာ စားသုံး သူတွေဖက်ကလည်း စျေးနှုန်းကို ပဓါန မထားဘဲ ကိုယ့်အတွက် လုံခြုံစိတ်ချရတဲ့ စားသောက်ကုန်တွေကို ရွေးချယ် ၀ယ်ယူ စားသုံးသင့်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

မန္တလေးမြို့မှာ ၂၀၁၅ လောက်ကတည်းက ခွင့်မပြု ဓါတုဆေး ကင်းစင်ရေး စျေးတွေဖြစ်အောင် စီမံချက်ချ အကောင်အထည် ဖော်နေရာမှာ ၂၀၁၅ နဲ့ ၂၀၁၆ တုန်းက အခုလိုဘဲ ပဲပြားတွေမှာ ဖော်မလင် တွေ့ရတာကြောင့် ထုတ်လုပ်သူတွေကို ခေါ်ယူ အသိပေး ၊ အရေးယူမှုတွေ လုပ်ခဲ့သလို တခြား နိုင်ငံတွေမှာ လုပ်ဆောင်နေတဲ့ နည်းပညာတွေကိုလည်း အသိပေး ဖြန့်ဝေခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ