UNFC တပ်ပေါင်းစု ပြိုကွဲပြီလား

  • 28 ဇွန် 2017
ဓာတ်ပုံ မူပိုင် UNFC
Image caption ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ နဲ့ ငြိမ်းချမ်းရေး ကော်မရှင် တို့ ဆွေးနွေးကြစဉ်

ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA မဟုတ်တဲ့ လမ်းကြောင်းကို ရှာဖွေလိုတဲ့ ကချင် လက်နက်ကိုင် KIO အပါအဝင် မြောက်ပိုင်း အခြေစိုက် ၄ ဖွဲ့ဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစု ထဲကနေ နှုတ်ထွက် သွားပါပြီ။

မြောက်ပိုင်း အဖွဲ့တွေကို နှုတ်ထွက်ခွင့် ပေးလိုက်တဲ့ ညီလာခံ အပြီး ၊ လက်ကျန် UNFC အဖွဲ့ဝင်တွေဟာ ၊ NCA လက်မှတ် ရေးထိုး ထားနှင့်ပြီး အဖွဲ့ တချို့နဲ့ ချင်းမိုင်မြို့မှာ ဆက်လက် တွေ့ဆုံ နေပါတယ်။

လက်ရှိအခြေအနေမှာ အစိုးရနဲ့ ဆက်ဆွေးနွေးနေရာမှာ ယူအန်အက်ဖ်စီ တပ်ပေါင်းစုက ငြိမ်းချမ်းရေး အတွက် အဆိုပြုထားတဲ့ မူကိုးချက်ကို ထပ်ပြီး ကြေလည်မှု ရအောင် ဆွေးနွေးဖို့ ရှိနေတယ်လို့ ချင်းမိုင် အစည်းအဝေး တက်ရောက်နေတဲ့ ABSDF အဖွဲ့က မိဆူးပွင့် က ပြောပါတယ်။

မြောက်ပိုင်းက အဖွဲ့တွေ အနေနဲ့ NCA နဲ့ သွားမယ်လို့ တလောတုန်းက ပြောသံ ထွက်ခဲ့ပေမယ့် NCA လမ်းကြောင်းနဲ့ မတူတဲ့ လမ်းကြောင်းသစ် ကို ရှာဖို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပြီး မြောက်ပိုင်း အဖွဲ့တွေရဲ့ အနေအထားကို အပြန်အလှန် ဆွေးနွေးစရာ ရှိလာလိမ့်မယ်လို့ သူက ဆိုပါတယ်။

UNFC အနေနဲ့ NCA နဲ့ ဘယ်လောက် နီးစပ်လာပြီလဲ ဆိုရာမှာ အားနည်းချက်တွေကို ဘယ်လောက် ပြင်ဆင်နိုင်မလဲ ဆိုတာကို ဝိုင်းဝန်း ဆွေးနွေး အဖြေရှာနိုင်တဲ့ အခြေအနေ ရောက်သွားဖို့ အတွက် ကိုးဆယ် ရာနှုန်းလောက် ရှိတယ်လို့ သူက ရှင်းပြခဲ့ါပတယ်။

အခုအခါ တပ်ပေါင်းစု ထဲက မြောက်ပိုင်း အဖွဲ့ လေးဖွဲ့ ထွက်သွားတဲ့ အတွက် ထွက်သွားသူတွေ အနေနဲ့ လွတ်လွတ်လပ်လပ် စဉ်းစားနိုင်တဲ့ အခြေအနေ ရောက်သွားခဲ့ပြီး သူတို့ဟာ တပ်ပေါင်းစုထဲမှာ လေ့လာသူ အဖြစ် ဆက်ရှိ နေသူတွေလည်း ကျန်သေးသလို ဆွေးနွေး အကြံပြုတဲ့ အနေအထားမှာလည်း ရှိနေသေးတယ်လို့ မိဆူးပွင့်က ပြောပါတယ်။

UNFC အနာဂတ် အလားအလာ ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သူတို့ ဘယ်လို အနေအထားမျိုးနဲ့ ပါဝင်နိုင်မလဲ ဆိုတဲ့ အဆင့်တခုကို ကျော်လွန် သွားနိုင်မယ် ဆိုရင်တော့ အရင်အတိုင် မပျက်မယွင်း တပ်ပေါင်းစု အနေနဲ့ ပြန်လည် ဖန်တီး နိုင်မယ်လို့ ယူဆကြောင်း သူက ဆိုပါတယ်။

အစိုးရ ကသော်လည်းကောင်း ၊ တပ်မတော် ကသော်လည်းကောင်း ဘယ်လောက် လမ်းဖွင့်ပေးနိုင်မလဲ ဆိုတဲ့ အပေါ် မူတည်နေသလို ၊ အစိုးရနဲ့ တပ်မတော် အပိုင်းက ဘယ်လို ဖြေလျှော့ ပေးနိုင်မလဲ ဆိုတဲ့ အပိုင်းကို စဉ်းစားရင် UNFC ရဲ့ အနာဂတ် ပြောင်းလဲ သွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council - UNFC) ကို ၂၀၁၁ ခု၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလူမျိုးများညီလာခံတွင် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ