UNFC တတိယ သက်တမ်းအတွက် CEC တင်မြှောက်

  • 29 ဇွန် 2017
ဓာတ်ပုံ မူပိုင် UNFC
Image caption UNFC ရဲ့ နိုင်ငံရေး ညှိနှိုင်းမှု အဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံခဲ့စဉ်

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံ ကို ၂၀ ၇က်နေ့ ကနေ မနေ့ က ၂၉ ရက်နေ့အထိ ၂ ပိုင်းခွဲကျင်းပခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မိတ်ဖက် တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တခြားအဖွဲ့အစည်းများ ကိုလည်း တက်ရောက် စေခဲ့ပါတယ်။

ဒီUNFC ရဲ့ ညီလာခံ မှာ အဖွဲ့ဝင်တွေ ထွက်သွားတွေလည်း ရှိသလို ဝင်ခွင့်တင်သူတွေလည်း ရှိပါတယ်။

ထွက်သွားတဲ့ အဖွဲ့တွေကKIO ကချင် လွတ်လပ်ရေး အဖွဲ့ ၊ WNO ၊ MNDAA နဲ့ TNLA တို့ ဖြစ်ပြီး အဲဒီ အထဲမှာ MNDAA နဲ့ TNLA တို့ဟာ အစိုးရက NCA လက်မှတ်ထိုးဖို့ လက်မခံလို့ နှုတ်ထွက်ထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

KIO က စစ်ရေး အခြေအနေ အရ အပြင် o အဖွဲ့နဲ့ ကော်မတီ ဖွဲ့တဲ့ အခြေအနေ အရ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

WNO ကတော့ TWSP ဆိုတဲ့ ၀ အဖွဲ့ကြီးနဲ့ ပြန်ပေါင်းစည်းဖို့ ထွက်ရခြင်း ဖြစ်ပါတယ်။

တကယ်တော့ အဖွဲ့တွေ အားလုံးဟာ NCA နဲ့ စပ်ဆက် ပေမယ့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ချိတ်ဆက် တဲ့ အနေအထားတွေ အရ ကွဲပြားသွားတာ ဖြစ်တယ်လို့ ညီလာခံ တက်ရောက်ခဲ့သူတယောက်လည်းဖြစ်၊ ညီလာခံ သဘောထားတွေ အကြောင်း ပြောခွင့်ရသူလည်းဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး CNF က အလုပ်အမှုဆောင် ကော်မီတီဝင် ဆလိုင်းရမ်ကုလ်ကျုံးက ပြောပါတယ်။

UNFC တပ်ပေါင်းစု မှာ အဖွဲ့သစ် လက်ခံခြင်း မရှိသေးဘဲ အသစ်လျှောက်ထားမှုတွေ ရှိတဲ့ အထဲမှာ CNF ကတော့ ယာယီ ထုတ်ထားတာကို ပြန်လျှောက်တာ ဖြစ်ပြီး KNO ဆိုတဲ့ Kachin National Organization ကတော့ လုံး၀ အသစ်လျှောက်ထားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဆက်စပ် အဖွဲ့ လေးဖွဲ့လောက်လည်း အသစ် လျှောက်တာ ရှိတယ်လို့ သူက ရှင်းပြပါတယ်။

အခု အစည်းအဝေးမှာ အရေးကြီးတဲ့ အချက် ဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ခဲ့တာကို ပြန်သုံးသပ် ခဲ့ကြပြီး မူဘောင်ကိစ္စတွေ ဆွေးနွေးကြသလို အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အပြင် ၂၁ ရာစု ပင်လုံ ညီလာခံ နဲ့ ပတ်သက်လို့ သုံးသပ်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

ရှေ့လာမယ့် ဇူလိုင်လဆန်းမှာ UNFC နဲ့ ငြိမ်းချမ်းရေး ကော်မရှင် တို့ တွေ့ဆုံဖို့ ရှိပြီး တိုင်းရင်းသား အင်အားစုတွေ ကြားမှာလည်း နည်းလမ်းတွေ ရှာသွားဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။

အခုအခါ တိုင်းရင်းသား အင်အားစုတွေကြား အဖွဲ့အသီးသီး ကွဲသွားကြပေမယ့် ကွဲနေလို့ အခက်အခဲတွေ ရှိနိုင်ပေမယ့် အမြဲတမ်း တူညီတဲ့ ပန်းတိုင် ရှိနေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

NCA လက်မှတ်ထိုး ထားတဲ့ အဖွဲ့ ၈ဖွဲ့ ၊ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ နဲ့ UNFC ဆိုတဲ့ တပ်ပေါင်းစု အဲဒီ အင်အား သုံးရပ်ကြားမှာ ဦးတည်ချက်ကို မတူညီတဲ့ လမ်းကြောင်းက လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အခု ကျင်းပခဲ့တဲ့ UNFC ရဲ့ ညီလာခံ မှာ ဥက္ကဋ္ဌ နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌ ဒေါက်တာခင်မောင်၊ အထွေထွေအတွင်းရေးမှူး ခူဦးရယ် အပါအဝင် ကောင်စီ ဝင် ၂၄ ယောက် ကို ရွေးချယ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ