မောင်တောမှာ INGO ဝန်ထမ်းတဦး အသတ်ခံရ

  • 1 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption သေဆုံးသွားတဲ့ နုရ် အီစ္စလာမ်ဟာ CFSI လို့ အမည်ရတဲ့ ဖိလစ်ပိုင် အခြေစိုက် မိသားစုဘဝ ပြန်လည် ထူထောင်ရေး အဖွဲ့အစည်းမှာ လုပ်ကိုင်နေတာ ဖြစ်ပြီး မောင်တောမှာ ကလေးသူငယ် ကာကွယ်စောင်ရှောက်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းမှာ ပါဝင်သူ ဖြစ်

ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘရုံးနား အနောက်ကျေးရွာမှာ မျက်နှာဖုံးစွပ် အကြမ်းဖက်သမားတွေက INGO အဖွဲ့အစည်းတခုမှာ လုပ်ကိုင်နေတဲ့ နုရ် အီစ္စလာမ်ကို ဓါးတွေနဲ့ လာရောက် တိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ပြောပါတယ်။

အခုလို သေဆုံးသွားတဲ့ နုရ် အီစ္စလာမ်ဟာ CFSI လို့ အမည်ရတဲ့ ဖိလစ်ပိုင် အခြေစိုက် မိသားစုဘဝ ပြန်လည် ထူထောင်ရေး အဖွဲ့အစည်းမှာ လုပ်ကိုင်နေတာ ဖြစ်ပြီး မောင်တောမှာ ကလေးသူငယ် ကာကွယ်စောင်ရှောက်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းမှာ ပါဝင်သူ ဖြစ်တယ်လို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာနရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ် အောက်တိုဘာလက စပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်သမားတွေ အသတ်ခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးအပါအဝင် အရပ်သား ၄၁ ဦး ရှိသွားပြီ ဖြစ်ပြီး ပျောက်ဆုံးနေသူ ၂၃ ဦး ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အခုလို အကြမ်းဖက်သမားတွေကြောင့် အရပ်သား သေဆုံးမှုတွေအပြင် သူတို့ရဲ့ အကြမ်ဖက်သင်တန်းပေး လိုဏ်ဂူတွေကိုပါလည်း မေယုတောင်ကြောပေါ်မှာ တွေ့ရှိခဲ့ကြောင်း ဇွန်လ ၂၁ ရက်နေ့မှာ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခု လတ်တလော ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဋ္ဌေးဝင်းကလည်း အခြေအနေ ပိုဆိုးမလာအောင် သတိကြီးကြီးထားဖို့ လိုပြီလို့ ပြောခဲ့ပါတယ်။

အစိုးရက ဖွဲ့စည်းပေးထားပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ရခိုင်ရေးရာ ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးဇော်မြင့်ဖေကတော့ ရခိုင်ပြည်နယ်က ကျေးလက်ဒေသတွေမှာ ဥပဒေ စိုးမိုးမှု မရှိပဲဖြစ်နေပြီး မူဆလင်ကျေးရွာတွေ အနေနဲ့ အစိုးရနဲ့ အကြမ်းဖက်သမား အကျပ်တွေ့နဲ့ အနေအထားမှာ ရောက်နေပြီး ပြည်တွင်း အကြမ်းဖက်သမားတွေက ပြည်ပ အကြမ်းဖက်တွေနဲ့ မချိတ်မိသွားဖို့ သတိထားရမယ်လို့ ဆိုပါတယ်။

ဇွန်လ ၃၀ ရက်နေ့ကလည်း လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေနဲ့ ပတ်သက်ပြီး အစိုးရထိပ်တန်း ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအပြီးမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး အခြေအနေဟာ စိုးရိမ်စရာတွေ ဖြစ်ပေါ်နေခဲ့ပြီး အခု ရက်ပိုင်းအတွင်းမှာ ရခိုင်တိုင်းရင်းသား ငါးဖမ်းသင်္ဘောတွေ တိုက်ခိုက်ခံရတာတွေ ရှိခဲ့ကြောင်း အစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ