တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးမှာ မဟုတ်လို့ တပ်မတော် ပြော

  • 3 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် JMC
Image caption JMCရဲ့ (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ရန်ကုန်က NRPC အစည်းအဝေး ခန်းမမှာ ကျင်းပ

အန်စီအေ အပစ်ရပ်စာချုပ်အရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကို အသုံးပြုပြီး တပ်မတော် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးမှာ မဟုတ်ဘူးလို့ ရန်ကုန်မှာ စတင်နေတဲ့ ပြည်ထောင်စုအဆင့် JMC အစည်းအဝေးမှာ JMC ရဲ့ ဥက္ကဌ အဖြစ်ဆောင်ရွက်နေသူ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် က ပြောခဲ့ပါတယ်။

တကယ်တော့ အန်စီအေ လက်မှတ်ရေးထိုးခဲ့တာ တနှစ်ကျော် ကြာလာပေမယ့် နယ်မြေသတ်မှတ်နိုင်မှု မလုပ်နိုင်ခဲ့ပဲ ရှိနေခဲ့သလို အပစ်ရပ် အဖွဲ့အချို့နဲ့ တပ်မတော်အကြားမှာလည်း တိုက်ပွဲဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖြစ်နေရတာဟာ တပ်မတော်က JMC ဥက္ကဌ ရာထူး ရယူထားတာကြောင့် ဖြစ်နေရတာလို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ထောက်ပြတာ ရှိသလို အပစ်မရပ်သေးတဲ့ UNFC တပ်ပေါင်းစုကလည်း JMC ကို ပြင်ဆင်ဖွဲ့စည်းဖို့ အစိုးရဆီကို တင်ပြခဲ့တာတွေ ရှိပါတယ်။

တပ်မတော်ဘက်က JMC ဆိုတဲ့ အမည်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးနေတယ်လို့ မကြာသေးခင်က ချင်းမိုင်မှာ ကျင်းပခဲ့တဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းမှာ NCA အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကော်မတီရဲ့ လုပ်ငန်းစဉ်အရ ဆိုရင်တော့ တပ်နေရာချထားရေး ၊ နယ်မြေသတ်မှတ်ရေး နဲ့ တပ်နေရာရွှေ့ပြောင်းမှုတွေမှာ ဆက်ဆံရေးရုံးတွေကတဆင့် အကြောင်းကြားရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်လာပါက JMC ကော်မတီကနေ တဆင့် ဖြေရှင်းရေးလို ကိစ္စရပ်တွေ ပါဝင်ပါတယ်။

ဒီလိုတဘက်နဲ့ တဘက် ဝေဖန်မှုတွေ မယုံကြည်မှုတွေရှိနတောနဲ့ပတ်သက်လို့ ယုံကြည်မှု တည်ဆောက်ရေးဟာ အရေးကြီးတယ်လို့ JMC ရဲ့ အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါရ်းက ပြောပါတယ်။

JMC မှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဆိုပြီး အစု ၃ စုပါဝင်တဲ့ အတွက် အစုအဖွဲ့ ၃ ဖွဲ့အကြား ယုံကြည်မှု တည်ဆောက်ရေးမှာ အရေးကြီးတယ်လို့ တိုင်းရင်းသား လက်န်ကိုင် အဖွဲ့တွေက ဆိုပါတယ်။

ရန်ကုန်မှာ ကျင်းပနေတဲ့ အစည်းအဝေး ပထမနေ့မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား နယ်မြေသတ်မှတ်နိုင်ရေးအတွက် ပူးတွဲအလုပ်ရုံဆွေးနွေးပွဲတွေ နယ်မြေအလိုက် ကျင်းပနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ