တိုင်ကြားမှု လက်ခံဆောင်ရွက်ရာမှာ ပိုမြန်စေဖို့JMCမှာ စနစ်တရပ် စမယ်

  • 5 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် JMC
Image caption JMC နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း (CBO/CSO) ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ်

NCA အပစ်ရပ်လက်မှတ်ရေးထိုးပြီးတာ တနှစ်ကျော် ၂ နှစ်နီးပါးကြာခဲ့ပြီဖြစ်ပေမဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား နယ်မြေသတ်မှတ်မှု သဘောတူညီမှု မရသေးတာကို ဖြေရှင်းနိုင်ဖို့အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှု ကော်မတီရဲ့ ပြည်ထောင်စု အဆင့် အစည်းအဝေးကို ရန်ကုန်မှာ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။

အန်စီအေ လက်မှတ်ထိုးပြီးနောက် အင်အားနည်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငယ်တွေနဲ့ တပ်မတော်အကြား နယ်မြေသတ်မှတ်မှုက ပြဿနာ ကြီးကြီးမားမား မရှိပေမဲ့ RCSS လို ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ကတော့ နယ်မြေသတ်မှတ်မှုဆိုင်ရာ အငြင်းပွားမှုတွေရှိနေခဲ့ပါတယ်။

ဒါ့အပြင် KNU အဖွဲ့နဲ့လည်း နယ်မြေသတ်မှတ်မှု အပြီးအပြတ် ဆွေးနွေးနိုင်တာ မရှိသေးပါဘူး။

အငြင်းပွားစရာ အချက်ဖြစ်နေတဲ့ နယ်မြေသတ်မှတ်ရေး ကိစ္စနဲ့ ပတ်သက်လို့ အထောက်အကူဖြစ်နေဖို့အတွက် ပြည်နယ်အဆင့် JMC တွေက ဦးဆောင်ပြီး ပြည်နယ်အလိုက် အလုပ်ရုံဆွေးနွေးပွဲတွေလုပ်နိုင်ဖို့ အတွက် ဒီဆွေးနွေးပွဲမှာ သဘောတူနိုင်ခဲ့ပါတယ်။

ဒီလိုအလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ရာမှာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ဆွေးနွေးညှိနှိုင်းမှု ဆိုင်ရာ နည်းစနစ်ပိုင်းမူဘောင်နဲ့ ပတ်သက်လို့ နှစ်ဘက် သဘောတူတဲ့ နည်းစနစ်ပိုင်း အကြံပေးသူရဲ့ ပုံစံချမှတ်ပေးမှုအပေါ် အခြေပြုပြီး ပြည်နယ်အလိုက် ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒါ့အပြင် အငြင်းပွားမှုနဲ့ ပဋိပက္ခ ဆိုင်ရာ တိုင်ကြားမှုတွေ အတွက် ပြည်နယ် အလိုက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီတွေမှာ စီစစ် အတည်ပြုရေးအဖွဲ့တွေ ဖွဲ့စည်းဖို့လည်း သဘောတူနိုင်ခဲ့ပါတယ်။

ဆွေးနွေးပွဲတွေမှာ အငြင်းပွားမှုတွေကို ဖြစ်စေ ၊ တဖွဲ့နဲ့ တဖွဲ့ တိုင်ကြားမှုတွေကို ဖြစ်စေ လက်ရှိအချိန်အထိ တိုင်ကြားမှုတွေကို လက်ခံဆောင်ရွက်ပေးနေတာတွေ ရှိပေမဲ့ တိုင်ကြားမှုတွေ ပိုမိုမြန်ဆန်စေဖို့အတွက် ကွန်ပြူစာကနေ စာပို့ တိုင်ကြားတဲ့ စနစ်ကိုလည်း မကြာခင် စတင်တော့မယ်လို့ JMC ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အန်စီအေ စာချုပ်အရ ဖွဲ့စည်းထားတဲ့ JMC မှာ အဆင့်အလိုက် ကော်မတီတွေမှာ တပ်မတော်က ဥက္ကဌရာထူးရယူခဲ့မှုအပေါ် အပစ်မရပ်သေးတဲ့ UNFC လို တပ်ပေါင်းစုတွေကပါ ကော်မတီကို ပြင်ဆင် ဖွဲ့စည်းဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

ရန်ကုန်မှာကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများ ပြန်လည်အခြေချနေထိုင်ရေး ကိစ္စက အစည်းအဝေး အစီအစဉ်ထဲပါဝင်ခဲ့ပေမဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က လေ့လာပြီးမှသာ နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ သဘောတူခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ