ဆိုင်းဘုတ် ဖြုတ်မှာမဟုတ်လို့ မန်းတိုင်းမဘသထုတ်ပြန်

  • 10 ဇူလိုင် 2017
Image caption မဘသ အဖွဲ့အား သတိပေး ရှင်းလင်းပွဲ ကျင်းပခဲ့စဉ်

နိုင်ငံတော် သံဃ မဟာနာယက ( မဟန ) အဖွဲ့ က အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး 'မဘသ' အဖွဲ့ ဆိုင်းဘုတ်တွေကို ဒီလကုန် ဖျက်သိမ်းပေးရမယ်လို့ အမိန့်ထုတ် ထားပေမယ့် မန္တလေးတိုင်း မဘသ ကတော့ လုံးဝဖျက်သိမ်းမှာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။

မဟန ထုတ်ပြန်စဉ်က မဘသ ဗဟို ဥက္ကဌ ဆရာတော်တွေ ကိုယ်တိုင် ဆိုင်းဘုတ်တွေကို ဖျက်ပေးပါ့မယ်၊ မြို့နယ် အသီးသီးက မဘသ အဖွဲ့တွေကို ခေါ်ယူ ရှင်းလင်း ပါ့မယ်လို့ ကတိပေး လက်မှတ်ထိုးခဲ့ တာဟာ ဗဟို ဆရာတော် နှစ်ပါးက သူတို့ အနေနဲ့ လက်မှတ်ထိုးတာသာ ဖြစ်တယ်လို့ အမျိုးသားရေးဆရာတော် ဦးဝီရသူက ပြောပါတယ်။

အခုအခါ ဗုဒ္ဓ ၊ ဓမ္မ ၊ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့တခု ထပ်မံ ဖွဲ့စည်းကာ မဘသ ဗဟိုက နာမယ် အသစ်နဲ့ ရပ်တည်သွားဖို့ ရှိပေမယ့် သူတို့ကတော့ မူလ နာမယ်နဲ့ဘဲ ဆက်သွားမှာ ဖြစ်တယ်လို့ ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

မဟန က ဓမ္မစက်ကို အာဏာစက်နဲ့ အကောင်အထည်ဖော်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို စေခိုင်းခဲ့ပေမယ့် ပြည်ထဲရေး ဆိုတာ မဟန လက်အောက်ခံ မဟုတ်ဘဲ ပြည်ထောင်စု အစိုးရကသာ စေခိုင်းရမှာ ဖြစ်ကြောင်း ၊ ခိုင်းရင်လဲ ၂၀၀ဂ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးနဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ၊ ၂၀၁၄ ပြည်ထောင်စု ဥပဒေမှာ ပါတဲ့ လွတ်လပ်စွာ ဖွဲ့စည်း မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ စတာတွေကို အရင် ဖျက်ပြီးမှသာလျှင် နိုင်ငံတော် အစိုးရ အနေနဲ့ မဘသ အဖွဲ့ ဖျက်သိမ်းတာတို့ ၊ ဆိုင်းဘုတ် ဖြုတ်သိမ်းခိုင်းတာတို့ လုပ်လို့ ရမယ်လို့ ဆရာတော်က ရှင်းပြခဲ့ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) အဖွဲ့ဟာ တရားမဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်တာကြောင့် နိုင်ငံတဝှမ်းရှိ ဆိုင်းဘုတ်များ ဖျက်သိမ်းပြီး မဘသ ဟူသည့် အမည် အသုံးမပြုရန် နိုင်ငံတော် သံဃ မဟာနာယက(မဟန) အဖွဲ့မှ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ ပြုလုပ်တဲ့ တတိယအကြိမ် ၄၇ ပါးစုံညီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ