ကမ္ဘာ့လူဦးရေနေ့အကြောင်း ဘယ်လောက်သိပါသလဲ

  • 11 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Joe Raedle/Getty Images
Image caption ဥရောပတိုက်က လူဦးရေတိုးနှုန်း အနည်းဆုံး၊ အာဖရိကတိုက်က လူဦးရေတိုးပွားမှုနှုန်း အမြင့်ဆုံး

၁၉၉၀ ခုနှစ် က စပြီး ကမ္ဘာ့လူဦးရေ ဆိုင်ရာ ပြဿနာတွေအပေါ် လူအများ အသိအမှတ် ပြုစေဖို့ ကုလသမဂ္ဂက ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့ အဖြစ် သတ်မှတ်ထားပါတယ်။

ကမ္ဘာ့လူဦးရေနေ့ စတင် သတ်မှတ်စဉ်တုန်းက ကမ္ဘာပေါ်မှာ လူဦးရေ ၅ ဘီလီယံ သာသာလေးပဲ ရှိပေမယ့် လက်ရှိမှာတော့ ကမ္ဘာ့ လူဦးရေ ဟာ ၇,၆၀ဝ,ဝ၀ဝ,ဝ၀ဝ နီးပါး (၇.၆ ဘီလီယံ နီးပါး) ရှိနေပါပြီ။

ကမ္ဘာ့ ဘယ်နေရာတွေမှာ လူဦးရေ တိုးနှုန်း မြန်ပြီး ဘယ်နေရာတွေမှာ ကျဆင်းနေပါသလဲ။ လေ့လာကြည့်ကြရအောင်ပါ။

၁၉၆၀ ခုနှစ်တွေ ကစပြီး ကမ္ဘာ့လူဦးရေ တိုးနှုန်းဟာ ကျဆင်းလာပေမယ့် နှစ်စဉ် ပျမ်းမျှ လူ ၈၃ သန်း ကမ္ဘာ မြေ မှာ တိုးပွားနေပါတယ်။

သက္ကရာဇ် ၂၁၀ဝ ရောက်ရင် ကမ္ဘာ့လူဦးရေဟာ ၁၁.၂ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဥရောပတိုက်ဟာ လူဦးရေတိုးပွားမှုနှုန်း အနည်းဆုံး ဖြစ်ကာ အမျိုးသမီး တယောက်ကို ကလေးမွေးနှုန်း ၁.၆ ပဲ ရှိပြီး အာဖရိကတိုက်ကတော့ လူဦးရေတိုးပွားမှုနှုန်း အမြင့်ဆုံး ဖြစ်ကာ အမျိုးသမီးတယောက်ကို ကလေးမွေးနှုန်း ၄.၇ ရှိပါတယ်။

၂၀၅၀ ခုနှစ်မှာ ကမ္ဘာပေါ်က ၉ နိုင်ငံဟာ ကမ္ဘာ့လူဦးရေရဲ့ တဝက် ရှိပါမယ်။ အဲဒီ နိုင်ငံတွေကတော့ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယ၊ ကွန်ဂို၊ နိုင်ဂျီရီးယား၊ ယူဂန်ဒါ၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ တန်ဇေးနီးယားနဲ့ အင်ဒိုနီးရှား တို့ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တခု အရ ၂၀၂၄ မှာ လက်ရှိ ကမ္ဘာ့ ဒုတိယ လူဦးအများဆုံး နိုင်ငံ အိန္ဒိယက ပထမ နေရာက တရုတ်ကို ကျော်တက်သွားဖို့ ရှိပါတယ်။ နိုင်ဂျီရီးယားကတော့ အမေရိကန်ရဲ့ နေရာကို ဝင်ယူပြီး ကမ္ဘာပေါ်မှာ တတိယ လူဦးရေ အများဆုံး နိုင်ငံ ဖြစ်လာပါမယ်။

ကုလသမဂ္ဂ လူဦးရေ ဌာနရဲ့ အဆိုအရ ၂၀၁၇ ကနေ ၂၀၅၀ ခုနှစ် ကြား ကမ္ဘာ့ လူဦးရေ တိုးနှုန်းရဲ့ တဝက်ကျော် ဟာ အာဖရိကတိုက်မှာ ဖြစ်မယ် ဆိုပါတယ်။