အပစ်ရပ် နဲ့ အပစ်မရပ် အဖွဲ့တွေကြား NCA လမ်းကြောင်း အပေါ် အမြင်ဖလှယ်

  • 14 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Union Peace Conference
Image caption ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ဒု ညီလာခံ

NCA အပစ်ရပ် ၈ ဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT ကိုယ်စားလှယ်ခေါင်းဆောင်တွေနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN က ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစည်းအဝေး ကျင်းပခဲ့ကြပါတယ်။

အဲဒီ အစည်းအဝေးမှာ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်လို့ သုံးသပ်ခဲ့ကြပြီး ရှေ့ဘယ်လို့ လက်တွဲပြီး နားလည်မှု ရှိရှိနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ဆက်စပ် ဆောင်ရွက်သွားမလဲ ဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ UNFC ရဲ့ ဥက္ကဌ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီက နိုင်ဟံသာ က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၂၁ ရာစု ပင်လုံ ဒုတိယ ညီလာခံ ဟာ အားနည်းချက် ရှိတယ်လို့ ယူဆကြပြီး အပစ်ရပ် ၈ ဖွဲ့ထဲနဲ့ လုပ်သွားတဲ့ ညီလာခံကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရနိုင်သလို အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဆိုရင်လည်း လူမျိုးအလိုက် ဆိုရင် ၃ နေရာ ၊ ဒေသအလိုက် ၃ နေရာနဲ့ အကြောင်းအရာ အလိုက် ၁ နေရာဘဲ လုပ်ခဲ့တာကြောင့် ပြည်စုံတယ်လို့ မပြောနိုင် ၊ အားလုံးကို ကိုယ်စားပြုတယ်လို့လည်း မဆိုနိုင်ဘူးလို့ မြင်ကြောင်း နိုင်ဟံသာ က ဆိုပါတယ်။

၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် ငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်လို့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဖက်က မကျေနပ်တာ မကျေလည်တာတွေ ရှိပြီး အစိုးရနဲ့ တပ်မတော်က ခြိမ်းခြောက်လိုက် ၊ စည်းရုံးလိုက်နဲ့ သူတို့အပေါ် ကစားနေတယ်လို့ မြင်ပြီး ကြေကြေလည်လည် ဖြစ်အောင် ကြိုးပမ်းရာမှာလည်း အခွင့်အရေး ပေးမခံခဲ့ရဘူးလို့ အပစ်ရပ် အဖွဲ့တွေက ပြောတယ်လို့ နိုင်ဟံသာက ရှင်းပြပါတယ်။

အပစ်ရပ် လက်မှတ် ထိုးပြီးသား အဖွဲ့တွေ အနေနဲ့ သူတို့အတွေ့အကြုံအရ အခြေအနေမကောင်းဘူးလို့ ဆိုကြပြီး ဒီအခြေအနေကို ပြုပြင်ပြောင်းလဲဖို့ သူတို့ဖက်ကလည်း ကြိုးပမ်းနေတယ်လို့ ပြောကြောင်း နိုင်ဟံသာက ဆိုပါတယ်။

အပစ်ရပ် လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ အနေနဲ့ တချိန်ချိန်မှာ လက်မှတ်ထိုးပြီးရင် ဒါကို ပြုပြင်ပြောင်းဖို့ အတူစုပေါင်း ကြိုးပမ်းသွားမယ်လို့ တိုက်တွန်းခဲ့ကြောင်း နိုင်ဟံသာက ပြောပါတယ်။

အပစ်ရပ် အဖွဲ့တွေ အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်မှု အနေအထားကို သုံးသပ်ပြီး အစည်းအဝေးလုပ်ကာ ပြန်လည် ပြုပြင်ရေး လုပ်သွားဖို့ သူတို့မှာ အစီအစဉ် ရှိတယ်လို့ ဆိုကြောင်း နိုင်ဟံသာက ထောက်ပြခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တဖက်က ပေးလာတဲ့ အခြေအနေပေါ် ကြိုးပမ်းသွားကြမှာ ဖြစ်ပြီး လွန်လာတဲ့ အခြေအနေ ပေါ်က အားနည်းချက်တွေကို မူဘောင်က အစ ပြန်လည် သုံးသပ်သွားဖို့ ရှိကြောင်း နိုင်ဟံသာက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ကနေ ၂၉ ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို NCA လက်မှတ်ရေး ထိုးထား သည့် ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)(KNU/KNLA )(PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့မှ ကိုယ်စား လှယ်များ၊ NCA လက်မှတ် မရေးထိုးရသေးသည့် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ 'ဝ' ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSP/UWSA)၊ ရက္ခိုင့်တပ်မတော်(AA)၊ တအာင်း အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်း ပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင် လွတ်မြောက်ရေး တပ်မတော်(KIO/KIA)တို့မှ ကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ