တူရကီ အရာရှိ ၇၀၀၀ ကျော်ကို ရာထူးက ထပ်မံ ထုတ်ပယ်

  • 15 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မနှစ်က တူရကီ အာဏာသိမ်းမှု ဖြစ်ပွားစဉ်

တူရကီမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ တနှစ်မြောက်နေ့ကျခါနီးမှာ ရဲ ၊ အုပ်ချုပ်ရေးနဲ့ ပညာရေးပိုင်းဆိုင်ရာက အရာရှိ ၇၀၀၀ ကျော်ကို ရာထူးက ထပ်မံ ထုတ်ပယ်တဲ့ အမိန့်ဒီကရီ တရပ် အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

အာဏာသိမ်းမှုနဲ့ ဆက်စပ်တယ်ဆိုပြီး တူရကီမှာ ပြီးခဲ့တဲ့နှစ်အတွင်း အရာရှိပေါင်း တသိန်းခွဲကျော်ကို ရာထူးက ထုတ်တာ ၊ ရပ်ဆိုင်းတာတွေ လုပ်ခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝန်ထမ်းငါးသောင်းလောက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အခုလို ထုတ်ပယ်ခံရသူတွေကို သနားစရာအကြောင်းမရှိဘူး ပုဂ္ဂလိက လုပ်ငန်းတွေမှာ သွားလုပ်ကြပါစေ ၊ တိုင်းပြည်က သူတို့ကို ကြည့်ရှုစောင့်ရှောက်ခဲ့တယ် ဒါကို သူတို့က တိုင်းပြည်အပေါ် သစ္စာဖောက်ကြတယ် လို့ သမ္မတ ရာဂျစ်တိုင်ရစ်ပ် အယ်ဒိုဝမ်က ပြောပါတယ်။

ပြီးခဲ့တဲ နှစ်က တူရကီမှာ အစိုးရကို ဆန့်ကျင်တဲ့ စစ်သားတွေက တင့်ကားတွေ ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက် အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တာကြောင့် အန်ကာရာနဲ့ အစ္စတန်ဘူးလ်မြို့တွေမှာ လူ၂၆၀ကျော် သေဆုံးခဲ့ပါတယ်။

အမေရိကန်မှာ နိုင်ငံရေး ခိုလှုံနေတဲ့ ဘာသာရေးခေါင်းဆောင် ဖာတူလာ ဂူလန်ကို ဒီကိစ္စနဲ့ ပတ်သက်တယ်ဆိုပြီး သူတို့ဆီ လွှဲပေးဖို့ တူရကီ အစိုးရက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ကတော့ ဒီလို လွှဲပြောင်းပေးမှု မှန်သမျှကို တရားရုံးကသာ ဆုံးဖြတ်ပေးသင့်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ